> သီဟသူ [dot] blogspot [dot] com: လူငယ်တစ်ယောက်အကြောင်း - ၄

Jan 27, 2014

လူငယ်တစ်ယောက်အကြောင်း - ၄

အဲဒီတုန်းက

သီချင်းအဆိုသန်တဲ့အရွယ်
အံဆွဲထဲက အတင်းခုန်ထွက်လာတယ်။

'သားမောင်' . . အစချီ အဖေ့ထံမှ စာများ
တစ်လတစ်စောင် ဖတ်ရခဲ့
ကျွန်တော်က အဖေအမေတို့ထံ
တစ်လတစ်ခါ စာပြန်ရေးရခဲ့။

အမေက ရူးသွားသလို
လမ်းထိပ်ကို မျှော်ပြီး သီချင်း နေ့တိုင်း ဆိုသတဲ့။

အဲဒါကို ကျွန်တော် သိရလို့
ယခုတိုင် မျက်ရည်စို့ရ။

စေတီဖြူဖြူ
ပန်းနံ့ရှူ၍ . . . လို့ မှတ်မိတဲ့
လေးလုံးစပ်ကဗျာ
အဲဒီတုန်းက စပ်ခဲ့တယ်။

ပန်းနံ့မှာ
ဆိပ်ဖလူးပန်းနံ့ ဖြစ်ပါတယ်။

သရက်ပင်အုပ် စိမ်းစိမ်းများ
စိတ်ထဲ စိမ်းညှို့တယ်။

နာရီမောင်းခေါက်သံများ
စိတ်ထဲက ကြားနေတယ်။

စာဖတ်၊ ကဗျာရေး
စစ်တုရင်ထိုး၊ အားကစားလုပ်။

တွေးတာ၊ စဉ်းစားတာ
တွေတာ ဝေတာ ဖမ်းမမိတာ
စိတ်အလုပ်များ
များများလုပ်ခဲ့။

ညွန့်သစ်၊ သန်းအုန်း၊ ချစ်ဆွေ၊ ဗဖူးညွန့်
ကြည်တင်ဦး၊ သခွပ်နီ စသဖြင့်
ကျွန်တော်တို့အတွက်ဆို အဲဒီမှာ
တက္ကသိုလ်ကြီး ဖြစ်ပါသည်။

အဆောင်နေ အရိပ်ခိုသူများပမာ
ကျွန်တော်တို့၏ တက္ကသိုလ်ဖြစ်ပါသည်။

မျက်နှာချင်းဆိုင် အဆောင်မှာ
ဆရာ ဒဂုန်တာရာကို လှမ်း၍ မြင်ဖူးပါသည်။

ခင်ဗျား အဲဒီတုန်းက ဘယ်မှာလဲ
လူငယ်တစ်ယောက်က မေးလိုက်ပါရဲ့။

ရာဇဝင်၊ အသက်ရှူသံ
နံရံ
အမြန်ပြန်ရစ်တဲ့ ရုပ်ရှင်ကား
ရေငတ်သလို အမှန်တရား
ကျွန်တော် နားစွင့်နေပါရဲ့။ ။

အောင်ချိမ့်

လူငယ်တစ်ယောက်အကြောင်း - အောင်ချိမ့်
ပထမအကြိမ်၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ
Majestic စာပေ

No comments:

Post a Comment