မနက်ခင်းက
ခိုတွေနဲ့
ညွတ်အိလေးလံ
ကုသိုလ်ကံရဲ့
အသံမှာ
အသက်ဇီဝကို
ရန်ရှာမိတယ်။
တို့နှစ်ယောက်တင်ဆက်ခဲ့တဲ့
သရုပ်ဖော်ဂီတတစ်ခုလေ
"လျှပ်စီးတလက်လက်
ထီးလေးတစ်ချောင်းနဲ့
အသက်ကိုမျှဆောင်းခဲ့"
ဒီမနက်မှာတော့
ဘယ်တစ်ဖက်
ညာတစ်ဖက်
သားကြောပြတ်လေရဲ့။
ပြက္ခဒိန်ဟာ
သက်တမ်းကုန်ဆုံးခဲ့ပေမယ့်
ငါလေ
မင်းမျက်နှာလေးမဖြုတ်ချရက်တာနဲ့
နံရံမှာ
ဒီအတိုင်းထားရတယ်။
ငါ့အစားအသောက်မှာ
မင်းရိုက်နှိပ်ခဲ့တဲ့ရက်စွဲလည်း
လွန်ခဲ့
ငါ့အသက်ဓာတ်မှာ
မင်းအတိုးသတ်ရမယ့်အနမ်းလည်း
လွန်ခဲ့
မင်းအခွံမင်းပြန်နွှာကြည့်ရင်
တုန်လှုပ်ချောက်ချားမှုကို
တွေ့ရမယ်။
ငါတစ်ယောက်တည်း
ဘယ်လိုကုန်ဆုံးရမှန်းမသိတဲ့နေ့တွေလည်း
ဘယ်လိုကုန်ဆုံးခဲ့မှန်း
မသိတော့ဘူး။
ငါတစ်ယောက်တည်း
ဘယ်လိုကုန်ဆုံးရမှန်း
မသိတဲ့ညတွေလည်း
ဘယ်လိုကုန်ဆုံးခဲ့မှန်း
မသိတော့ဘူး။
ငါ့နားဝေးတဲ့နယ်တကျေးမှာ
ဘယ်လိုတေးတွေ
မင်းဆိုနေသလဲ
ငါ့မျက်လုံးကန်းတဲ့
တစ်ဖက်ကမ်းမှာ
ဘယ်လိုလမ်းတွေ
မင်းဖောက်နေသလဲ။
အဝေးပြေးကား
မထွက်ခွာခင်
တစ်ရွက်ကျန်လက်မှတ်လေးမှာမှ
ကိုယ့်အသက်ကို
ကိုယ်ဖြတ်မိခဲ့လေခြင်း
မင်း...
မင်းဘာလို့
မငြင်းခဲ့တာလဲကွာ။
အခုတော့
ဖျပ်ဖျပ်လူးရင်းထ
ဘယ်လိုတရားဓမ္မနဲ့မှ
ဖြေမရပေါ့။
ကမ္ဘာ့ဝင်ရိုးစွန်းနှစ်ဖက်
ရင်းခြင်းဆက်
ခေတ်ကြီးမှာမှ
တစ်ယောက်ကို
တစ်ယောက်
ရုပ်မမြင်ရ
အသံမကြားရ
အသံကုန်အော်ခဲ့သမျှ
အသံကုန်ခဲ့ရ။
ငါတို့
ညီညွတ်ခဲ့တဲ့ ဂစ်တာခြောက်ကြိုး
ငါတို့ဘဝကို
ဘယ်သူရိုက်ချိုးတာလဲ
မင်းလည်းကြိုးလျော့ခဲ့ပြီ
ငါလည်း
လက်ကွက်မေ့ခဲ့ပြီ။
ငါ့အေးစက်
သွေးပျက်မှုနဲ့
တုန်လှုပ်ပျံ့လွင့်နှင်းလေ
အမှောင်ထဲ
တစ်ဝက်ကျ
နေရောင်ထဲတစ်ဝက်လောက်ကျွမ်းနေတော့တယ်။ ။
စိုင်းဝင်းမြင့်
ရုပ်ရှင်တေးကဗျာ၊
ဇွန်၊ ၂၀၀၁။
No comments:
Post a Comment