မမြင်ရတဲ့
တစ်ယောက်က
သွေးကြောထဲ
ရောက်တယ်။
မြင်ရတဲ့
တစ်ယောက်က
ငါ့သွေးနဲ့ဝေးရာ
ရောက်တယ်။
စိတ်နဲ့ထိခတ်မိသမျှ
ရွှေဖြစ်ပြီး
ရွှေနဲ့ထိခတ်မယ့်လက်က
ပြတ်နေတယ်။
ငါ့ခန္ဓာကိုယ်က
ပဲ့ထွက်သွားတဲ့အလွမ်းက
ငါ့ကို
အလင်းပြန်တယ်
မင်းခန္ဓာကိုယ်က
ပဲ့ထွက်လာတဲ့ အနမ်းက
ငါ့ကို
တွင်းနက်လွန်းတယ်။
အသံမှုန်
အသံစ ပြာကျတိတ်ဆိတ်
မင်းစကြာဝဠာ
အိပ်စက်ခဲ့ပေမယ့်
ငါ့သွေး
မတိတ်ခဲ့ဘူး။
ငါ့စိတ်ကို
ငါမွှေးခဲ့တယ်။
ဒီမှာ
လက်က
လက်ကို ဆက်မရတော့ဘူး။
စိတ်က
စိတ်ကို ကုမရတော့ဘူး။ ။
စိုင်းဝင်းမြင့်
ချယ်ရီ၊
ဒီဇင်ဘာ၊ ၂၀၀၁။
No comments:
Post a Comment