တိတ်ဆိတ်ခြင်းဟာ
မင်းရေးသားခဲ့တဲ့
အကြောင်းအရာပဲ
နံရံမှာ
ကြမ်းခင်းမှာ
လက်သည်းရာတွေနဲ့။
ငါမပျော်ရွှင်ဘူးဆိုတာ
ငါ
သွေးမအေးဘူးဆိုတာ
လက်ဖက်ရည်ဆိုင်တွေမှာ
ကြည့်
မြို့ရဲ့
လမ်းတွေမှာ ကြည့်
ငါ့ရဲ့
အစိတ်စိတ်အမြွှာမြွှာကို
အရာရာအားလုံးမှာ
တွေ့ရမယ်
အရာရာအားလုံးမှာ
ငါတွေ့ခဲ့တယ်
မမြဲခြင်း။
နေ့လယ်နေ့ခင်း
အရိပ်တစ်ခုခုအောက်မှာ
ရောက်နေစေချင်တယ်
ငါ့ရဲ့
ဆုတောင်းခြင်းမှဦ
ပန်းတွေ
ပွင့်တယ်။
မေးခွန်းကို
နားမလည်တော့
ငါ ဘယ်လို
အဖြေပေးရမယ် မသိဘူး
မင်း
ချပြတဲ့ အတွေးအခေါ်တွေက
အလေးအပင်
သိပ်များတယ်။
ပျော်ရွှင်ခြင်းဆိုတာ
စက္ကူပေါ်မှာ
ရေးဆွဲထားတဲ့ ရှုခင်းပဲ
ငါ့အဓိပ္ပာယ်ထက်
ပိုကျယ်ပြန့်နေတော့
လမ်းသွားရင်း
ငေးကြည့်ခဲ့ရတယ်။
စိတ်ကူးစိတ်သန်းဆိုတာ
ငါ့အတွက်တော့
မဖြတ်သန်းရနယ်မြေ
ငါ့မှာ
ကြွေစရာ သစ်ရွက်တွေ မရှိတော့ရင်
ငါ
အသက်ရှိတယ်ဆိုတာကို
ဘယ်လို
သက်သေပြရမလဲ။
ငါ
ထိမိစမ်းမိသမျှဟာ စီးဆင်းနေတော့
ငါဘယ်လိုမှ
ပေါ့ဆလို့ မရဘူး
ဘယ်အရာဟာ
ကြာကြာခံမလဲ
ငါ
ပြုလုပ်မယ်။
နေရောင်ခြည်ဟာ
သစ်ရွက်တွေကြားက
လျှောကျနေတယ်
ငါ့စိတ်တွေ
တအားပျံ့လွင့်တာပဲ
ငါ့အိမ်ရှေ့က
သစ်ပင်မှာ
ဓားထစ်ရာတွေနဲ့။
ဟိုဘက်သံလမ်း
ဒီဘက်သံလမ်း
ငါ့အလွမ်းလက်မှတ်နှစ်စောင်
ဖြတ်ထားတယ်
သတင်းရုပ်ရှင်မှာ
ဘယ်ရထား
အရင်ဝင်လာမလဲ။
အခန်းအပြင်ဘက်မှာ
ခြေသံတရှပ်ရှပ်
မကြားရဘူးလား
စားပွဲပေါ်တင်ထားတဲ့
ပန်းအိုး
တစ်စုံတစ်ယောက်က
ဝင်တိုက်မိသလို
ကျမကွဲဘူးလား
နံရံမှာ
ကြမ်းခင်းမှာ
အရိပ်ဟာ
မခေျာက်ချားဘူးလား။
အခု
နှင်းတွေ
အရမ်းကျနေတယ်
အဝေးပြေးကားတွေ
ရပ်ထားရတယ်
မမြင်ရခြင်း
ကြိုးတစ်စ
ငါ
လှမ်းဆွဲလိုက်တယ်။ ။
စိုင်းဝင်းမြင့်
No comments:
Post a Comment