လွမ်းဆွတ်ခြင်းဟာ
မနက်မိုးလင်းတာနဲ့
အံ့သြရစမြဲ
မော့ကြည့်လိုက်
ဒီတစ်ခါ
ပိတောက်ပန်းပွင့်တယ်။
ပိတောက်ပွင့်ခြင်းဟာ
ငါ့အိမ်ရှေ့က
သစ်တစ်ပင်တည်းမှာလား
စက်ဘီးလေးတစ်စီးနဲ့
တစ်မြို့လုံး
လှည့်ပတ်ကြည့်တယ်
တစ်မြို့လုံး
ပိတောက်ပန်းတွေ ပွင့်တယ်။
ဒီဇာတ်လမ်းကို
ငါ ဒီနေရာက
စမယ်
မင်းလည်း
ရောက်တဲ့နေရာက စတော့
ငါ့ရင်ထဲက
ခုံပြာတန်းလေးမှာ
အခုထိ
ဓားခုတ်ရာရှိတယ်။
တစ်နွေလုံး
ကြွေကျနေတဲ့ သစ်ရွက်တွေ
တစ်ရွက်မှ
မလွတ်စေရဘူး
မမြဲခြင်းကို
အဆုံးထိရောက်အောင်
ရှုမယ်။
ငါ့ဆီ
မီးသတ်ကား
အစီးတစ်ရာ
အမြန်လွှတ်လိုက်။
လက်သန်းလေးမှာ
မတော်တဆ
ဓားရှတာတောင်မှ
ငါက
တစ်သက်လုံး
ဖွဲ့လို့မဆုံးတော့ဘူး
ဒဏ်ရာ။
သေရေးရှင်ရေး
နှစ်တစ်နှစ်ဟာ
ဖြတ်ပြေးသွားတော့လည်း
တို့နှစ်ယောက်က
အဝေးပြေးအနီးဆုံး
တို့နှစ်ယောက်
သေဆုံးသွားတော့လည်း
ဇာတ်လမ်းမဆုံး။ ။
စိုင်းဝင်းမြင့်
၂၉.၃.၂၀၀၂
No comments:
Post a Comment