"ရေမကူးတတ်သူဟာ
ကျောက်တုံးပေါ့..."
သူ့အသံနဲ့
ရေချိုးဆိပ်တံတားလေး
သက်တံ့ညွတ်ကွေးလို့။
မြစ်ထဲ
ကျဲကျနေတဲ့
နေရောင်က
တလက်လက်ကူးခတ်
ကမ်းစပ်ကုက္ကိုပင်နဲ့
ကိုယ့်အရိပ်မှာ
ရင်ထဲ
ထိတ်ထိတ်ပျာပျာ။
အသားခုတ်တဲ့နေရာကို
စွန်ကသိတယ်
အဝေးကငါးမန်းရောက်ရှိလာတာ
မေတ္တာတရားသွေးစို့နေလို့ပေါ့။
ခန္ဓာကိုယ်ကို
အပျက်ရှုတော့လဲ
ငုဝါပန်းလေးတွေပဲ
ပွင့်တယ်
မနက်လင်းရင်
ကိုယ်တို့သတင်းက
တစ်ရပ်ကွက်လုံး
ပျံ့နေတော့မှာပဲ။
ဘာကြောင့်
အရှိန်နဲ့ပြင်းပြနေသလဲဆိုတော့
မျက်ရည်မှာ
အဖြေမရှိဘူး။
ချွတ်ထားရတဲ့
ဖိနပ်လေးသာ
တွန့်လိမ်ကော့ပျံနေပေါ့ကွယ်။ ။
စိုင်းဝင်းမြင့်
ချယ်ရီ၊
သြဂုတ်၊ ၂၀၀၁။
No comments:
Post a Comment