ဒီမြေကို ခြေချမိတော့
ရနံ့ဟောင်းကို ပြန်ရတယ်။
အရင်စားပွဲထိုးတွေ မရှိတော့တာတစ်ခုပဲ
အရင်လို လက်ဖက်ရည်အရသာမှာ
အရင်လို ဆေးလိပ်မီးခိုးများ
ယင်ကောင်များ။
အသံသေတ္တာမှာ
လောင်ကျွမ်းနေတဲ့ သီချင်းကလည်း
ငါကူးစက်ခဲ့ဖူတယ် ဆိုပေမယ့်
ငါ့သွေးထဲ တေးသွား အတက်အဆင်းမဟုတ်တော့ဘူး။
အခုမြင်နေရတဲ့ ဘောလုံးကွင်းဟာ
အရင်တုန်းက မြေဆွေးအမှိုက်ပုံ
ငါရဲ့ကလေးဘဝဟာ အသက်ဝင်လို့
ငါ့မြို့နာမည်နဲ့ မြေဆွေးပုံပေါ်က
ငါ့မြို့လေးကို ငါ အပေါ်စီးက ကြည့်ခဲ့ဖူးတယ်။
အရင်တုန်းက ငါ့မြို့လေးမှာ
ငါ အနွေးဓာတ်မရတဲ့လူ မရှိဘူး
အခု ငါ မသိတဲ့လူတွေ ကျယ်ပြန့်လာတယ်
ငါဖမ်းမမိတဲ့ စိတ်ကူးတွေ ပြေးလွှားနေတယ်
ရှုခင်းကို ဆွဲဆန့်လိုက်တော့
ငါမရောက်တဲ့ အဆောက်အဦတွေ မြင့်တက်လာ။
အရာရာကို ငါ့ဘက်က လိုက်လျောခဲ့တယ်
ငါ့မှာ ငါ့ဘက်က သွားရမယ်ဆိုတဲ့ အသားတံဆိပ်ပါလာလို့
ဘဝတစ်ပါးအထိ သွားခဲ့တယ်
မြို့အပြင်သို့ နေရောင်ခြည်သို့။
ငါရပ်နေတဲ့ လမ်းနာမည်ကို ငါမသိတော့
ငါလျှောက်နေတာ ဘယ်မှမရောက်ဘူး
အဲ့ဒီတုန်းက ငါ့အကိုင်းအခက်ဟာ
လမ်းနဲ့မလွတ်လို့ အခုတ်ခံရတာ။
လောကဟာ မထူးဆန်းဘူးလား
အမြဲတမ်း ရယ်နေတတ်တဲ့ ငါ့အစ်ကိုတစ်ယောက်ဆို
အခုထိ ရယ်နေတုန်း
လောကဟာ မထူးဆန်းဘူးဆိုတဲ့
ငါ့ငယ်သူငယ်ချင်း ကျော်လင်းထွန်းဆိုလည်း
လမ်းဘေးလက်ဖက်ရည်စားပွဲမှာ
အခုထိ ဓားစိုက်ထားတုန်း။ ။
စိုင်းဝင်းမြင့်
၂၀၀၂
No comments:
Post a Comment