တို့ထိခွင့်လည်း မရှိတော့
ဆုပ်ကိုင်ခွင်းလည်း မရှိတော့
မင်းရင်ခုန်သံကို လုံအောင် ဖုံးပေးပိုင်ခွင့်လည်း မရှိတော့
မင်းလည်း မေ့လျော့လိုက်ရုံ
ငါလည်း မေ့လျော့လိုက်ရုံ
ပုံပြင်ကို ပုံပြင်အတိုင်းထားလိုက်ရုံ
ဒါလောက်ပဲ တို့တတ်နိုင်ခဲ့။
သူ့ကို မင်းမချစ်ဘဲနဲ့ မင်းကို သူဘာလို့ သိမ်းပိုက်ခဲ့တာလဲ
မင်းနဲ့ငါ ချစ်လျက်နဲ့ ငါတို့ ဘာလို့ ဝေးကွာခဲ့တာလဲ
ရာဇဝင်ခေတ်
ပဒေသရာဇ်တို့ ရာဂမီး
အတားအဆီးမဲ့ ကာမပိုင်ဝတ္ထုမှာ
ချစ်သူတို့ ဇာတ်နာခဲ့ရဖူးပြီ။
အဖြစ်အပျက်တွေ ဖြစ်ပျက်ပြီးခဲ့နောက်
အငွေ့အသက်တွေ ကျန်ရစ်ကြရမယ်
ရှုမဆုံးတဲ့ အလွမ်းတွေ ငါမွေးရင်း
တောင်ကုန်းတေားပေါ် တက်ခဲ့တယ်။
ညောင်ပင်က
ဓမ္မတေးကို ဆိုနေရဲ့
ရိုးပြတ်တောက
နေပူထဲမှာ ငိုနေရဲ့
ငါ့ နှလုံးသားက
လူ့သမိုင်းထဲ လဲကျနေခဲ့တယ်
လွမ်းစေတီက
မင်းနဲ့ငါအကြောင်း
နှောင်းလူတွေကို ပြောပြမယ်
တို့နှစ်ယောက်
လျှောက်ခဲ့ရတဲ့ ငရဲကို။ ။
မိုဃ်းဇော်
မိုဃ်းဇော်သေတမ်းစာ ကဗျာစာအုပ်၊ စာ ၇၄
No comments:
Post a Comment