တို့တွေ တစ်ယောက်နဲ့တစ်ယောက်ဝေးကြ
နီးပေမယ့် ဝေးကြ
ဝေးသော် ပို၍ဝေးကြ
နှစ်ယောက်အိပ်ခုတင်ပေါ် လင်မယားဝေးကြသလို
ခေတ်ကြီးတစ်ခေတ်လုံးခြားခဲ့သလို
ဝေးကြ။
အပေါ်ယံဆိုပေမယ့် အပေါ်ယံမှာပဲ ကျဆုံးခဲ့ကြတယ်
ယင်ကောင်တွေလိုအများအပြား
နှစ်တွေလက်ဆင့်ကမ်းခဲ့ကြရုံ
သေတော့
အံ့အားသင့်ရ
မသေခင် လှည့်မကြည့်နိုင်ကြ
သုတ်သီးသုတ်ပျာ ပျာယာခတ်ကြ။
စက်တွေ ခွေးသွားစိပ်ပွန်းသလို
ထစ်အခဲ့ကြ။
ငိုစရာ ရယ်စရာဟာ သိပ်မကွဲပြားတော့
ယောင်န ခဲ့ကြ။
သစ်ရွက်တစ်ရွက် ညှိုးနွမ်းစွာ တွားသွားခဲ့တယ်။
လူတစ်ယောက် အားနည်းစွာ ရှပ်တိုက်ခဲ့တယ်။
ရှင်ခဲ့တယ်
သေခဲ့တယ်
တစ်နေကုန်တစ်နေခန်း
လမ်းသလားခဲ့တယ်။
လမ်းသလားရင်း လမ်းမှာ
လမ်းပျောက်ခဲ့တယ်။
လမ်းသလားရင်း လမ်းမှာ
တောမှောက်ခဲ့တယ်။
လွဲမှား
အဖာ အစပ် အပြစ်များလှတဲ့
ဒီဘဝ ဒီခန္ဓာ ဒီရုပ်
ချုပ်ရိုးပြတ်ခဲ့ပေါ့။
သူသေခဲ့တယ်
လူသေခဲ့တယ်
၁၉၉၇ နွေကြီးမှာ
သူသေခဲ့ပါပေါ့။
ရုပ်ရှင်ကားတစ်ကားလို
ရုပ်ရှင်ကားတစ်ကားဟာပြီးခဲ့ပြီး
နောက်ထပ် ရုပ်ရှင်ကားတစ်ကား
ခေါင်းတိုင်ထိပ်မီးခိုးများ။
မနိုင်ဝန်ထမ်းထားတဲ့ ငါ့ရဲ့ လက်ဘက်ရည်ပူပူကို
နွေးအောင် သူ မှုတ်သောက်ခဲ့တယ်။
ဘဝကြီးရဲ့ တစ်ဖက်သတ် ရှုံးပွဲများအတွက်
သူထိုက်ထိုက်တန်တန် ဝေစုရခဲ့တယ်
အဲဒီဝေစုအတွက်ဖြင့်
သူ တာဝန်ကျေခဲ့ပါရဲ့။
အောင်ချိမ့်
စက်တင်ဘာ၊ ရနံ့သစ်၊ ၁၉၉၇
No comments:
Post a Comment