> သီဟသူ [dot] blogspot [dot] com: 2009

Dec 20, 2009

စနေ နေ့တစ်ဝက်

ခပ်လှမ်းလှမ်းမှာ မိုးရွာနေပြီ
ခန်းဆီးစတို့ လှုပ်ခတ်နေကြ
အိပ်ရာပေါ်မှာ ပန်းသီးတစ်လုံး
စာရွက်တစ်ရွက်ကိုဖိထားတယ်။
ခေါင်းအုံးအောက်မှာတော့
ဝတ္ထုအစမှာ မဖော်ပြခဲ့တဲ့
ချက်ကော့ဖ်ရဲ့ သေနတ်တစ်လက်ရှိနေတယ်။

သီဟသူ
၁၂၊ ၁၂၊ ၂၀၀၉။

၅မိနစ် အကြာ

အရာရာဟာ တိတ်ဆိတ်လို့သွားခဲ့ပြီ။
ငြိမ်သက်ခြင်းမှာ ဂီတသံ/ရေစီးသံဟာ တိုးတိုးညင်းညင်း
ငါးကလေးတွေ
တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်...
ဟိုး... ခပ်လှမ်းလှမ်းမှာ
ဗာဂျီးနီးယား ဝုဖ်
ဒါဟာ
ခရီးတစ်ခုရဲ့ အဆုံးသတ်ဖြစ်သလို
နောက်ထပ်ခရီးတစ်ခုရဲ့ အစလည်းဖြစ်နေတယ်။
ထရမ်းပက်မြည်သံ ထွက်ပေါ်လာချေပြီ
မိတ်ဆွေ
ရေစီးအတိုင်း နည်းလမ်းတကျ ဆက်လက် ရွေ့လျားကြပါစို့...

သီဟသူ
၁၀၊ ၁၂၊ ၂၀၀၉။

ဆပ်ပြာပူဖောင်းများ

ဖြစ်တည်မှုကအရင်လား၊
အနှစ်သာရကအရင်လား။
မေးခွန်းများနှင့် ရှုပ်ထွေးနေစဉ်မှာပင်
စကြဝဠာတစ်ခု ပေါ်ပေါက်လာခဲ့သည်။
စကြဝဠာတစ်ခု ပျက်စီးသွားခဲ့လေသည်။ ။

သီဟသူ
၁၀၊ ၁၂၊ ၂၀၀၉။

Dec 6, 2009

အလွမ်း

ကမ္ဘာ့မြေပုံပေါ်မှာ
အပ်တစ်ထောက်စာ ကျွန်းကလေး
ကျွန်းကလေးပေါ်မှာ
လူငယ်တစ်ယောက်
လူငယ်တစ်ယောက် ရင်ထဲမှာ
တစ်ငွေ့ငွေ့ကျွမ်းလောင်နေတဲ့
စိတ္တဇနာမ်များ...

သီဟသူ
၁၈၊ ၁၁၊ ၂၀၀၉။

နွယ်စိမ်းဝေ၏ (နွယ်နီ၊ ဇန်နဝါရီ၊ ၀၈ ပါ) ပါပီလွန် ကို မှီးသည်။

Dec 5, 2009

ကဗျာနဲ့ရေးတဲ့ PORTRAIT

လင်းသဏ်ညီ - ။
ဆံပင်ရှည်တယ်၊ စိတ်ရှည်တယ်၊
လက်ရေးနဲ့ကဗျာရေးတယ်။ ကင်းဘတ်စ်ကို ပိရမစ်ပုံလုပ်ပြီး
ပန်းချီဆွဲတယ်။ မကြာခဏ ခရီးသွားတယ်၊
အရာရာကို အမှတ်တရရှိတယ်၊

အောင်ပိုင်စိုး - ။
အရပ်ရှည်တယ်၊ ဆံပင်ရှည်တယ်၊
ဘောင်းဘီဝတ်တယ်၊ စကားပြောမြန်တယ်၊
အကြောင်းအရာများတယ်၊
အဝင်/အထွက်ကြမ်းတယ်
ကိုယ်ပိုင်အရည်အသွေးနဲ့ ရပ်တည်ချင်စိတ်ရှိတယ်၊

ဧဇံ - ။
အတည်လား၊ အနောက်လား
မကွဲပြားဘူး၊ လူအများကြီးကြားမှာ
တွေ့ရတတ်တယ်၊ စကားအများကြီးပြောတယ်၊
ပျော်ရွှင်သူဖြစ်တယ်၊

စိုင်းဝင်းမြင့် - ။
ချိန်ဆပြီးပြောတယ်၊
ထိရောက်အရှိန်ပြင်းတယ်၊
ကမ္ဘာကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်အောင် ဝေဖန်တတ်တယ်၊
ကလေးမျက်နှာရှိတယ်။ လက်ကိုင်ဖုန်းရစက
လူမမြင်အောင် လျှို့ဝှက်ထားတယ်၊

မောင်ဖီလာ - ။
အကုန်လုံးတည်တည်တံ့တံ့လုပ်တယ်
ဣနြေ္ဒအပျက်မခံဘူး
လူသားဆန်တယ်၊ အဆင်မပြေရင်ပျက်ရယ်ပြုတယ်
ကမ္ဘာကိုသိတယ်၊
ဘိုဟီးမီးယန်းစတိုင်ရှိတယ်၊

ငုအိမ်ထက်မြက် - ။
အင်္ကျီလက်ရှည် လက်ဖျားထိ
ကြယ်သီးတပ်ဝတ်ပြီး
ရင်ဘတ်ဟပြဲနဲ့
အလျင်စလိုနိုင်တယ်
ကဗျာကို ဆန်းဆန်းပြားပြားရေးတတ်တယ်
လမ်းအလွန်လျှောက်တယ်၊

ထွန်းဝေမြင့် - ။
အရပ်ရှည်လွန်းတော့ ဝတ်ထားတဲ့ဂျင်းဘောင်းဘီက
ခြေဖျားမရောက်ဘူး၊
မျက်မှန်တပ်တယ်၊
ကောက်ကြောင်းနည်းနည်းပဲသုံးပြီး ပုံဆွဲတယ်၊
စားဝတ်နေရေးဂရုစိုက်တယ်၊
ကဗျာကို ‘စတိုင်ယာ’ရောပြီးရေးတယ်
အရှိန်ပြင်းပြင်းရွတ်တယ်၊

ဝိုင်ချို - ။
အချစ်ကဗျာအရေးကောင်းတယ်၊
အရက်သောက်ဖို့ ဇွဲရှိတယ်၊
ရုံးတက်ချိန်မှာ တခြားနေရာရောက်နေတာ
ပျော်တဲ့ အယ်ဒီတာ။
တစ်စုံတစ်ခုကို ကြောက်ရွံ့နေပုံမျိုးနဲ့
လုပ်ချင်ရာဇွတ်လုပ်တတ်တယ်၊

အောင်ရင်ငြိမ်း - ။
ကဗျာကိုလံဘတ်၊
ကဗျာ အသေခံဗုံးခွဲသမား၊
စစ်သားဆန်ဆန်ရင်ဆိုင်တတ်တယ်။
စိတ်ကြွဆေးမသုံးဘဲ အမြဲစိတ်ကြွနေတယ်။

မိုးဝေး - ။
ကျွန်တော်နားလည်တယ်၊
ကျွန်တော် နားမလည်ဘူး

လူဆန်း - ။
ပြင်သစ်စကားပြောတယ်
ဘာတွေအသစ်ရပြီလဲ မေးတတ်တယ်
ကိုယ်တိုင်မော်တော်ကားမောင်းတယ်
ကဗျာကလွဲပြီး/ ကျန်တာရှော့(ခ်)ရှိတဲ့ပုံ
ချဉ်းကပ်ဖို့မလွယ်/ လူထူးလူဆန်းတစ်ယောက်၊

မင်းထက်မောင် - ။
နိုင်ငံတကာဆန်အောင် နေတယ်
နိုင်ငံတကာဆန်အောင် ပြောတယ်
နိုင်ငံတကာဆန်အောင် ရေးတယ်
ကဗျာကို မသယ်နိုင်လောက်တဲ့အထိ
အလေးချိန်များအောင်ရေးတယ်

မောင်စိမ်းနီ - ။
စာပေစစ်စစ်အယ်ဒီတာ၊
စိမ်းတယ်/ နီတယ်
ဘာမဆိုအကုန်တော်လှန်တယ်
ချစ်စရာကောင်းအောင်ဆဲတယ်၊
မင်းသမီး အင်ဂျလီနာဂျိုလီလို
လူမှုရေးလုပ်တယ်၊

ဝင်းမောင် - ။
ဗိုလ်ချုပ်အောင်ဆန်းမျက်နှာနဲ့တူတယ်၊
စိတ်တိုတယ်၊ အစုအဆောင်းကောင်းတယ်။
ကဗျာအလုပ်ကဆယ်စုနှစ်သုံးခုစာလောက်လုပ်ခဲ့ပေမယ့် လူမသိ
ဗေဒင်အလုပ်က လေးငါးနှစ်နဲ့ လူသိ-ဟု မှတ်ချက်ပေးသူ

ဥတ္တရာအောင် - ။
တောင်ပေါ်/ တောင်အောက်ကိစ္စ
အလေးအနက်ထားတယ်၊
အိတ်ထဲမှာ ‘ဘုရားသခင်’ကို ထည့်ပြီးသွားတယ်၊
ပြုပြင်ရေးစိတ်ဓာတ်ကဲတယ်၊
ကိုယ်ပေါ်မှာ တံဆိပ်မျိုးစုံတွေ့ရတယ်။
ဆံပင်စည်း၊ နားကွင်း၊ ဆေးမှင်ကြောင်၊
အရိုးခေါင်း လည်ဆွဲ၊ အကုန်လုပ်တယ်

ကေမျိုးငြိမ်း - ။
မဟုတ်မခံ တုံ့ပြန်တတ်တယ်
ပိုင်းခြားနားလည်တတ်တယ်
အမှားမြင်တတ်တယ်
စကားကို ပြတ်တောင်းပြတ်တောင်းပြောတယ်
အုပ်စု/ ဂိုဏ်းဖွဲ့ကိစ္စ လက်မခံ
တစ်နေရာနဲ့တစ်နေရာ သွားလိုက်/ လာလိုက်

ခိုင်မြဲကျော်စွာ - ။
တကယ့် GENTLEMAN
ဘာရေးရေး တရားကိုလက်မလွှတ်
မိသားစုကို အလေးထားတယ်
သပ်သပ်ရပ်ရပ် နေထိုင်တယ်
စကားပြော ညင်သာနူးညံ့တယ်
တစ်ဖက်သားကို နားလည်ညှာတာအားပေးတယ်

အေမွန် - ။
သေးသေးကွေးကွေးပေမယ့် လက်ဆွဲနှုတ်ဆက်တဲ့အခါ
အားထည့်တာ တွေ့ရတယ်၊
အမေရိကန်အင်ဒီးယန်းလေးတစ်ယောက်ကို မြင်ရသလို
လွတ်လပ်တယ်

ဝင်းသူရ - ။
အယ်ဒီတာဆန်တယ်

မောင်လင်းယုန်(ရှမ်းပြည်) - ။
ယက်တူရှင်ကိုနဲ့ တွေ့ဆုံဖူးတယ်
ဆေးလိပ်အမျိုးအစားမရွေး မီးခိုးမတိတ်အောင်သောက်တယ်
စူးစမ်းလိုစိတ်ကြောင့် တစ်ယောက်ယောက်က အမြဲပြန်
ရှင်းပြနေရတယ်။
TRANSLATOR၊ TUTOR၊
‘နောက်ဆုံး လင်းယုန်ငှက်တစ်ကောင်’အနေနဲ့
အိုမင်းတဲ့အထိ ပျံသန်းဆဲ

ကောက်နွယ်ကနောင် - ။
ကဗျာနဲ့ဝိညာဉ်လောက
နှစ်လောက နေထိုင်တယ်၊
လူတစ်ယောက်ထက် စီးကရက်တစ်လိပ်၊ မုန့်တစ်ခု၊
လက်ဖက်ရည်တစ်ခွက်နဲ့ပဲ အဖော်ပြုထိုင်နေတတ်တယ်။
ရုံးခန်းကိုတက်တဲ့လှေကားဟာကောင်းကင်ဘုံကို
တက်တဲ့ လှေကားလို
အေးစက် တိတ်ဆိတ်ရှည်လျားမည်းမှောင်နေတယ်

ဝင်းမြင့် - ။
စကားနည်းတယ် စာများတယ်
အမှုန်အမွှားကင်းစင်တဲ့ လူတစ်ယောက်ပါပဲ

ငြိဏ်းဝေ - ။
PERFORMANCE ကောင်းတယ်
ဆွေးနွေးညှိနှိုင်းစိတ်များတယ်
NEW DIRECTION ရှိတယ်
စကားလုံးတွေကို လွတ်လွတ်လပ်လပ်ထားတယ်
စကားလုံးတွေကို လွတ်လပ်ခွင့်ပေးလွန်းလို့
တစ်ခါတစ်ရံမှာရေးထားတာ မသပ်မရပ်သလို ဖြစ်တတ်တယ်။
ကဗျာကို ကမ္ဘာနဲ့ဆက်စပ်ပေးနိုင်တယ်
ဆရာဝန်ပုံစံရှိတယ်

ကိုဘုန်း - ။
ကဗျာတစ်ဝက်- ဂစ်တာတစ်ဝက်-
အိပ်မက်နဲ့တူတဲ့ မျက်လုံးတွေရှိတယ်
ဦးထုပ်တစ်လုံး အမြဲဆောင်းထားတယ်

လွန်းဆက်နိုးမြတ် - ။
နွေဦးရာသီတစ်ခုမှာ ဂျုံရိုးနဲ့ရက်လုပ်ထားတဲ့
ခမောက်တစ်လုံးဆောင်းလာဖူးတယ်
ဂျင်းပင်ဝတ်ပြေပြစ်တဲ့ လူငယ်တစ်ယောက်
ကိုယ့်သဘောထားကို အထိပါးမခံဘဲ ညင်ညင်သာသာ
တင်ပြတတ်တယ်၊
ကောင်းကင်ရဲ့အပြာရောင်လိုငြိမ်းချမ်းသူ

နီမျိုးထက် - ။
ကမ်းထရီးဆံပင်နဲ့ စီးကရက်နဲ့
လေသံဝဲဝဲ
နှေးနှေးကွေးကွေး

ခရမ်းပြာထက်လူ - ။
စကားလုံးပြင်းပြင်းထန်ထန်တွေသုံးတယ်
စာသားများများရေးတယ်၊ ကူညီတတ်တယ်၊
နည်းနည်းပြောခြင်းနောက်မှာ များများပြောခြင်းတွေ့ရတယ်
တစ်ခါတလေ စတိုင်ကျကျ
တစ်ခါတလေ ဖရိုဖရဲ။

တိုးနှောင်မိုး - ။
ရေးထားတဲ့ စာရွက်အနားစတွေကို မီးရှို့ပြီး
မဂ္ဂဇင်းတိုက်ကိုပို့တယ်
မြစ်ထဲမှာ ကဗျာတွေရှိတယ်ဆိုပြီး ဓာတ်ပုံလိုက်ရိုက်တယ်
အလောင်းကောက်တယ်/ ဂျစ်ပစီလုပ်တယ်

မောင်လင်းရိပ် - ။
အနက်ရောင်လက်ဆွဲအိတ်တစ်လုံးပါတယ်
RADIO/ INTERNET/ WEBSITE တွေ စိတ်ဝင်စားတယ်
တိုးတိုးတိတ်တိတ်ရှိပြီး
အရှေ့တိုင်း အတွေးအခေါ်ကဲတယ်
ကဗျာကို လူထုဆီရောက်ဖို့ အမြဲနည်းလမ်းရှာနေတယ်

သျှီသူအောင် - ။
ကဗျာဆရာတွေကို
‘ကောင်းကင်ဘုံမှာနေထိုင်သူ’နဲ့
‘ငရဲဘုံမှာ နေထိုင်သူ’လို့၊ နှစ်မျိုးခွဲရင်
သူ့ကို ‘ကောင်းကင်ဘုံ’မှာ နေထိုင်သူလို့
ပြောရပါလိမ့်မယ်

စိုးမင်းအောင် - ။
ရန်ကုန်မြို့ရဲ့အလယ်ခေါင်တည့်တည့် နေထိုင်တဲ့သူ
တစ်ဖက်တည်း ကင်းမြီးကောက်နားကပ်နှစ်ခု
မျက်လုံးတစ်လုံး ပြန်လည်ပြုပြင်ထားရ
တစ်ခါက မော်တော်ကားတစ်စီး အရှိန်ပြင်းပြင်း ဝင်တိုက်တာခံရသူ
နားထဲမှာ အသံတွေကြားနေရတယ် လာပြောသူ
ဘုရားသခင်
တွေ့တိုင်းလည်း သူနဲ့ကျွန်တော့်ကြား ဘုရားသခင်

မောင်ဒေး - ။
ဘာသာပြန်တယ်၊ အားရင်အိပ်တယ်၊
အယ်ဒီတာလုပ်လိုက်/နားလိုက်၊
တစ်ခါတလေ ထီးကောက်နဲ့၊
COMPUTER – INTERNET သုံးစွဲမှုနဲ့။
တီရှပ်အနက်များ၊
ဂျာနယ်တစ်ခုလုပ်တုန်းကလည်း စာမျက်နှာတွေအနက်
တစ်ယောက်တည်း တွေ့-တွေ့တတ်တယ်

တီကျူး - ။
‘လူပိန်များရဲ့ကလပ်’ဖွဲ့ဖို့တိုက်တွန်းဖူးတယ်
နောက်ပိုင်း ပန်းချီဆရာဖြစ်သွားတယ်
လူဟာ ပန်းချီကားထဲကပုံစံအတိုင်း

ချမ်းမင်းအိမ် - ။
ဘောင်းဘီနဲ့ ဂိုက်ဆိုက်ကောင်းတယ်
ကုမ္ပဏီပုံပေါက်တယ်
အယ်ဒီတာလုပ်ရတာ ဝါသနာပါတယ်
သီချင်းတညည်းညည်းနဲ့။ အပေါ်ယံကြည့်ရင်
လူ့ဘဝကို အပျော်တမ်းနေထိုင်
နေတဲ့ပုံလို့ ထင်ရတယ်

သစ္စာပိုင်စိုး - ။
အမြဲတမ်းအထီးကျန်၊
လျှို့ဝှက်နာကျင်နေတဲ့ပုံမျိုး

ပြေမြင့် - ။
စစ်သားဆံပင်ပုံစံနဲ့၊ သောကမျက်နှာနဲ့၊
ရှေ့လကတွေ့တော့ ‘ကျွန်တော်
အလုပ်လုပ်တော့မယ်’လို့ ပြောတယ်။
အသက် ၄၆/၄၇ လောက်ရှိပြီ

ဘုန်းနေသွန်း - ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့၊
ပိန်ပိန်ရှည်ရှည် ခေတ်လူငယ်တစ်ယောက်။
တာဝန်ထမ်းဆောင်ချိန်ထဲကနေ ထုတ်လုပ်နိုင်ခဲ့တယ်၊
အနည်းငယ်အေးစက်တာနဲ့ ပြတ်သားတာရှိတယ်

ကြည်ဇော်အေး - ။
ကဗျာကို ရွှေလို့သဘောထားတယ်
တစ်ခုချင်းတူးဖော်ရောင်းချတယ်
ကုန်သွားရင် မရေးပဲနေတယ်။
နည်းနည်းအန္တရာယ်ရှိတယ်

မောင်သင်းခိုင် - ။
နွေးထွေးကြိုဆိုတယ်
နိုင်ငံတကာစံကိုသိတယ်၊ အရက်ကိုချစ်တယ်၊
အဖွဲ့လိုက်နေတယ်။
တစ်ခါက အထပ် ၂၀ ကိုဆင်းဖို့ ဓာတ်လှေကားထဲ
ကဗျာဆရာတွေ ဆန့်သလောက် ခေါ်ထည့်နေလို့
အစောင့်က အတင်းပိတ်ပြီး လွှတ်ချလိုက်တယ်

စန်းဦး - ။
ဟောလီးဝု(ဒ်)ရုပ်ရှင်ထဲက ဇာတ်ကောင်
တစ်ကောင်လို အေးစက်စက်အကြည့်ရှိတယ်၊
တစ်နှစ်တစ်ကြိမ် ခမ်းခမ်းနားနား ညစာကျွေးပြီး
ဗန်ဂိုးရဲ့ ပန်းချီကားတွေ လက်ဆောင်ပေးသူဖြစ်တယ်
DIGITAL ART, SHORT VIDEO အပြင်
စာအုပ်ထုတ်ဝေသူ၊ ပိုင်ရှင်

လူအိမ် - ။
များလာရင် ကမ္ဘာပေါ်မှာ
သူစကားပြောရမယ့်သူ နှစ်ယောက်ပဲရှိတယ်လို့၊
ကြွေးကြော်တတ်တယ်လို့၊ ကြားဖူးတယ်။
တစ်ယောက်က ‘အမေရိကန်သမ္မတ’
တစ်ယောက်က ‘ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်’

နိုင်မွန်အောင်သွင် - ။
အနက်ရောင်လယ်သာဂျာကင်နဲ့
မော်တော်ဆိုင်ကယ်သမားအဖြစ် တစ်ခါပဲတွေ့လိုက်ရတယ်။
လူက ကျစ်ကျစ်လျစ်လျစ်ရှိပေမယ့်၊
သူ့စာကြောင်းတွေက သူ့ခရီးလိုပဲ လမ်းကြောင်းရှည်တယ်၊
ဝက်ဝံတစ်ကောင်ကို ကိုင်လှဲချနိုင်တဲ့ အေးခဲတဲ့ ဒေသကနေ
ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ဖို့ကြံစည်နေတယ်

နေမျိုး - ။
ဘုရားသခင်ဟာ
ကမ္ဘာဂြိုဟ်ကို စူးစမ်းဖို့
ဂြိုဟ်သားတစ်ယောက်လွှတ်လိုက်တယ်။
အင်မတန်ရိုးသားတဲ့အမြင်နဲ့
အဆန်းပြားဆုံးတွေကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့သူ၊
လူစုလူဝေးကို ရှောင်ပြီးနေတတ်တယ်

အောင်ချိမ့် - ။
စကားလုံးအနည်းဆုံးနဲ့
အထိရောက်ဆုံးရေးနိုင်သူ၊
ပါးစပ်က တစ်လုံးပြော တစ်လုံးကဗျာ ဖြစ်နေသူ၊
‘ဟန်’ကိုအများဆုံး တုပခံရသူ၊
‘ခေတ်ပေါ်ကဗျာရဲ့ ဘုရားသခင်’လို့ တင်စားခံရသူ
အသားညိုညိုအရပ်ရှည်ရှည်နဲ့
ခြောက်သွေ့ပုံရပေမယ့်၊ လေးနက်မှုတွေ
ကြောက်စရာကောင်းအောင် စိုရွှဲနေသူ

ဇေယျာလင်း - ။
ဘာသာပြန်ရာကနေ၊ ဘာသာစကားကိုတွေ့ရှိသွားပြီး၊
ဘာသာစကားကို အားပြုရေးတဲ့ ‘ဘာသာစကားကဗျာ’ဆိုတာကို
ဦးဆောင်ရေးသားခဲ့သူ။ နောက်ပိုင်း ဘာသာစကားကဗျာနဲ့
ပတ်သက်သမျှ - ရေးသား၊ ပြောဆို၊ ဆွေးနွေး၊ သုတေသနပြု၊
ပို့ချ၊ ဖြန့်ချီ၊ ကာကွယ်၊ တုံ့ပြန်၊ အလုပ်အားလုံး အကုန်
လုပ်နေသူ။

ပိုင် - ။
ကွန်တော့်အကြောင်းကို
အထက်လူတွေပြောချင်ပြောပါလိမ့်မယ်
ဒါမှမဟုတ်၊ မပြောဘဲနေပါလိမ့်မယ်

၃-၁-၂၀၀၉ စနေနေ့၊ ညနေ ၃း၄၀ နာရီ

ပိုင်
နွယ်နီမဂ္ဂဇင်း၊ အတွဲ (၁၉)၊ အမှတ် (၆)၊ မေလ၊ ၂၀၀၉

Oct 26, 2009

သူငယ်ချင်းတစ်ယောက်ရဲ့ ပေးစာ

တောင်းဆိုမှုတွေခဏရပ်ကြပါ...
မင်းတို့ရဲ့ ပေးဆပ်မှုတွေအတွက်...
မင်းတို့ရဲ့ စွန့်လွှတ်အနစ်နာခံခဲ့ရမှုတွေအတွက်...
မင်းတို့ရဲ့ အမှန်တရားတွေအတွက်...
မင်းတို့ရဲ့ စိတ်ညစ်စရာတွေအတွက်...
ခဏလောက်ပါ...

"ဘ၀ဆိုတာ တိုတိုလေးပါကွာ...
ဒီတော့..."
ဆိုတဲ့ ဒဿနတွေကလည်း အများသား...
ပြောပါဦး... အရှည်ကြီးနေရတော့ကော...
ဘာထူးသွားမှာလဲ...
ဘာ...
အများအတွက်.. ကမ္ဘာကြီးအတွက်...
နောင်လာနောက်သားတွေအတွက်...
အာဖရိကက ငတ်ပြတ်နေကြသူတွေအတွက်...
ရောဂါဘယတွေနဲ့ သေဆုံးနေကြသူတွေအတွက်...
ထားလိုက်ပါ...
အဓိပ္ပါယ်မရှိမှုတွေကို မရှည်ပါစေနဲ့တော့...

တရားသဘောတွေလဲ ငါသိပ်မသိဘူး...
ဒီသံသရာကလွတ်အောင် လမ်းပြနိုင်တယ်လို့တော့ ဖတ်ရတာပဲ...
ငါ့အတွက်တော့ မလွယ်ပြန်ဘူး...
ပြဿနာက လက်ရှိအချိန်ဟာ အဓိပ္ပါယ်မဲ့နေတာ...

မင်းကိုယ်တိုင်ကော စဉ်းစားမိလား...
သေချာတာတော့ ငါတစ်ယောက်ထဲ ဒါတွေတွေးမိနေတာမဟုတ်ဘူး..
အဖန်ငါးရာဆိုတာကြီးကို ကြောက်နေသရွေ့တော့...
အင်း... ဆက်ရှင်နေကြတာပေါ့...
ဒီအဓိပ္ပါယ်မဲ့လောကကနေ အခုချက်ချင်းလွတ်မြောက်ချင်ရင်တော့...
ကြောက်မနေနဲ့ ကိုယ့်လူ...

အဓိပ္ပါယ်ရှိလောက်တယ်ထင်တဲ့ illusion တွေနောက်လိုက်နေရတာနဲ့ပဲ...
အရူးတွေကြားမှာ အရူးကွက်တွေနင်းနေရတာနဲ့ပဲ...
အဖန်ငါးရာကို ကြောက်နေရတာနဲ့ပဲ...
ငါအခု...
တိတ်တိတ်လေးကွယ်ပျောက်သွားရရင် အဓိပ္ပါယ်ရှိမလား...


မှတ်ချက်။ ကျနော့်သူငယ်ချင်းတစ်ယောက် ပေးပို့လိုက်တဲ့ စာတစ်စောင်ပါ..

Oct 21, 2009

အလှပဆုံး အားကစား

အားလုံးအတွက် တစ်ယောက်
တစ်ယောက်အတွက် အားလုံး
ငါတို့
ဒါးတညံနှင့် အပေါင်းအပါများ မဟုတ်ပါ
(ရိုးရာ) ခြင်းလုံး ကစားနေကြတာ…

သီဟသူ

အရေးကြီးတာကို ပထမ

ကမ္ဘာကြီး ပူနွေးလာမှု
ဖန်လုံအိမ် အာနိသင် လျော့ချရေး၊ ကျိုတို ပရိုတိုကောလ်
နျူလက်နက်များ အပြီးတိုင် ဖျက်သိမ်းရေး၊
အကြမ်းဖက် ဝါဒ၊ မိစ္ဆာဝန်ရိုး နိုင်ငံများ
လစ်ဘရယ် ဒီမိုကရေစီ
ငြိမ်းချမ်းရေး တစ်စက္ကန့်၊ တစ်မိနစ်၊ တစ်နာရီမှသည် တစ်ရက်
ဂလိုဘယ် ရီဆက်ရှင်း၊ ဒီပရက်ရှင်း
အေ အိတ်ခ်ျဝမ်းအန်ဝမ်း
ကြိုတင်ကာကွယ်ခြင်းသည်
ကုသခြင်းထက် ထိရောက်သည်။
သင့်လက်ကို မညစ်ပတ်ပါစေနှင့်။

သီဟသူ

တစ်ဝက် အိပ်မက်

ရယ်သံလွင်လွင်လေး ကြားမိလိုက်သလား
ဒါ ၂၀၀၅ခုနှစ်လား
ဒါ ရွှေတိဂုံ ရာဟုထောင့်မှာလား
နေရာတကာ လူတွေ
လူတွေ
ဘယ်သွားနေကြတာလဲ
ဟယ်လို… ဟယ်လို…
အပူရှိန်မြင့်တက်လာတယ်
မာဆိုးကတော့ နေပူရှိန်ကြောင့် လူသတ်မိတယ်
(မိမိက) သူတစ်ပါးကို သတ်လိုက်လျှင် လူသတ်မှုဖြစ်၍ အသတ်ခံရသူသည် မိမိကိုယ်တိုင်ဖြစ်နေလျှင် ကိုယ့်ကိုကိုယ် သတ်သေမှုဖြစ်သည်။ *
ရင်ထဲမှာ အပူချိန် ရုတ်ချည်းတိုးလာ
ရေ ရေ ရေ ရေ
တစာစာအော်နေမိ
ရေ ရေ ရေ ရေ
ကတ္တရာလမ်းတွေ အရည်ပျော်ကျ
နေရာတကာ တံလျှပ်တွေ တလက်လက်
အိုအေစစ်ကို ဘယ်လိုသွားကြမလဲ
ရေ ရေ ရေ ရေ
ဒီည ပါတီမှာ မင်းကြိုက်တဲ့ Bud ရှိမယ်တဲ့
ပါတီ တေးသံတွေ လေထုထဲမှာ
ရေ ရေ ရေ ရေ
ရေအိုးကို ခွဲနေကြပြီ၊ ကြေးစည်ကို တီးနေကြပြီ
လူတွေ
လူတွေ ဘယ်က ပြန်လာကြတာလဲ
ပါတီပြီးသွားပြီလား
ပါတီက ရှိကော ရှိရဲ့လား
ခု ကြားနေရတာ
၂၀၀၅ခုနှစ်က
သူမရဲ့ ရယ်သံလွင်လွင်လေး မဟုတ်လား…

သီဟသူ

* သစ္စာနီ၊ လေကိုရှူရှိုက်ခြင်း ဒုတိယပုံစံ၊ သရဖူ - အမှတ် (၂၃)

Oct 20, 2009

အသည်းစွဲကဗျာဆရာ

အသည်းစွဲကဗျာဆရာ ၁

ကဂျိုးကဂျောင် ဟိုကောင်ဝတ်လာတဲ့ တီရှပ်ဟာ ငါ့အပြာရောင် တီရှပ်ပဲ။ တံဆိပ်နဲ့ စာတန်းနဲ့ [ စာတန်းက Boney’m ရဲ့ Solgan ကို ကူးရေးထားတာ ] Love For Sale တဲ့။ အသက်အရွယ်ကိုမှမထောက် မျက်နှာပြောင်ပြောင်နဲ့။
ဒီကောင် ပြီးခဲ့တဲ့ ၁၀ နှစ်မှာ မိတ်ဆွေတစ်ယောက် မတိုးဘူး။ တွဲနေကျထဲက သုံးယောက် ခွာသွားတယ်။ လက်ဖက်ရည်ဆိုင်မှာ သူတစ်ယောက်တည်း။ ထိုင်ရင် ဒူးချိတ်တယ်။ ထရင် ခါးထောက်တယ်။ စိတ်ပါရင် ကဗျာရေးတယ်။ ခပ်တည်တည်ပဲ ကိုယ့်လူ။
ပေါ့သေးသေး မဟုတ်ဘူး။ ‘သူနဲ့တန်းတူတာ ကမ္ဘာမှာကို ရေ လိုက်ရင် လက်နှစ်ဖက် မပြည့်ဘူး’ လို့ အမြဲစဉ်းစားတယ်။ အချိန်ပြည့်ကို စဉ်းစားတာ။ ငါ သိတာပေါ့ကွာ။ အဲဒါ ရယ်စရာလိုလို၊ ငိုစရာလိုလို။
ဒါပေမယ့် သူ့မှာ အခိုင်အမာသူငယ်ချင်း၊ ရဲဘော်နှစ်ယောက်ရှိတယ်။ ကိုယ့် မိန်းမနဲ့ဆို သုံးယောက်ပေါ့။ ငွေယူသုံးတယ်။ ဆာရင် တစ်ယောက်နဲ့တစ်ယောက် စားတယ်။ ရန်ဖြစ်လို့ရတယ်။ အခြားသူတွေကို တစ်စက်မှ အထင်မကြီးဘဲ နေလို့ရတယ်။ ဟား လို့ရတယ်။ သနားလို့ရတယ်။ အနုပညာကို ကြီးကြီးချစ်ခဲ့တယ်။ ဟော…။ အခု ဟို ကဂျိုးကဂျောင်ကောင် လမ်းကူလာပြီ။ ငါ ရေးနေတဲ့ကဗျာကို လက်စသတ်မှ။
လုံလောက်တယ်
ငါတို့ တစ်ယောက်ကို တစ်ယောက် ကိုးကားလို့
ငါတို့ လုံလောက်တယ်။



အသည်းစွဲကဗျာဆရာ ၂

လည်ပင်းကို တိုင်းတယ်
ရင်အုပ်ကို တိုင်းတယ်
ပခုံး၊ ခါး
လက်မောင်းကို တိုင်းတယ်။

လက်ကောက်ဝတ်ကို တိုင်းတယ်
အရှည်ကိုတိုင်းတယ်
‘ကော်တွန်နော်’ ‘ကြယ်သီး ၁၂ လုံးတပ်မယ်’
‘ကော်လာ ထောင်မယ်’။

အပ်ချုပ်ဆရာက
ပေကြိုးကို ပခုံးပေါ် ခွေတင်လိုက်တယ်။

ပြီးတော့
ငါ့ကို ရွှင်ရွှင်ပြုံးပြုံး ကြည့်တယ်။

အင်း။ ကဗျာကောင်းလေးတစ်ပုဒ်လောက် ရချင်လို့
အဲဒါ …
အဲဒီအင်္ကျီဝတ်ပြီး
ကဗျာ စပ်မလို့။



အသည်းစွဲကဗျာဆရာ ၃

ဒီမနက် ကမ္ဘာကြီးကို နားထောင်အပြီး
ငါ ကမ္ဘာကြီးထဲ ခုန်အဆင်းမှာပေါ့
မျက်နှာသစ်ရမယ်
သွားတိုက်ရမယ်။

သွားတိုက်ရမယ် ! ။

အဲဒီမှာ . .
ငါ ဆတ်ခနဲ ကျင်စက်ထိသလို
ငါခုပဲ အဲဒီပြကွက်ကို ပြန်ကြည့်ရသလို အမှတ်ရရ
သူမရဲ့ ‘သွားတိုက်ပုံ’ သရုပ်ဆောင်ပြကွက်ကလေး။

သူမဟာ
သွားတိုက်ခဲ့
သွားတိုက်ပြီး ပလုပ်ကျင်း
ပလုပ်ကျင်းပြီး ပလုပ်ကို
မြိုချလိုက်တယ်။

ပြီး။ သူမရဲ့ဓာတ်ပုံ
သူမရဲ့ KAWABATA MAMIKO ဆိုတဲ့အမည်
သူမရဲ့ ကောက်နုတ်ချက်
ငါ ဖတ်ရတယ်။

I am not an artist.
I am a ..worker တဲ့။

ဒီကဗျာဖတ်မိတဲ့မိတ်ဆွေ
ခင်ဗျား သွားတိုက်ပြီးပါပြီလား။



အသည်းစွဲကဗျာဆရာ ၎

လမ်းထိပ်ကွမ်းယာဆိုင်က
သကြားလုံးဟာချိုတယ်။
ဂျယ်ရီလူးဝစ္စနဲ့
သန်းနွဲ့ ရယ်ရတယ်။

‘ဂျွန်လ၏ မိုးရေများ’.. မှ

အဲဒီလူတွေက ကျွန်တော်တို့ကို ရယ်စရာတွေ လုပ်ပြတယ်
ကျွန်တော်တို့က ရယ်ရမှာ အားနာတယ်
အားနာနာနဲ့ ကျွန်တော်တို့ ရယ်ပါတယ်
ရယ်ပြီးတော့ ကျွန်တော်တို့ စိတ်ညစ်တယ်။

တစ်ဆိတ် ကျွန်တော်ပြောတာ ယုံစေချင်ပါတယ်
ကျွန်တော်တို့လည်း ပေါ့ပါးသွားအောင် တကယ်ရယ်ချင်ပါတယ်။



အသည်းစွဲကဗျာဆရာ ၅

သူတို့အနုပညာက
ငွေတွေရပြီး
ငါတို့အနုပညာက
ငွေတွေ မရဘူး။

ဒါကြောင့်မို့ ငါဟာ ဒေဝဒတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ မာရ်နတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ ဦးကျောက်လုံးဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ အမေ့ အထင်လွဲ ခံခဲ့ရ။

ဆိုင်းဘုတ်တိုင်းက
အငြင်းပယ်ခံခဲ့ရ။

ဘုရားက အနုပညာကို
တားမြစ်တော်မူပါတယ်။

ငါ့မှာ
ဘုရား တာမြစ်တဲ့အရာကို
ငွေမရာ ရွှေမရာ
ချစ်ခဲ့ရ။



အသည်းစွဲကဗျာဆရာ ၆

ဗိုလ်အောင်ကျော်လမ်းမှာ သစ်ပင်အကြီးကြီးတွေ
သစ်ရွက်ကြွေ ဖွေးဖွေးတွေ
ငါတို့တွေ
ကားတွေ။

ခေတ်တွေ၊ ကောင်မလေးတွေ
မဖြစ်နိုင်တာတွေ
တီထွင်ဘာသာစကားတွေ
ငွေတွေ။

ပြီး။ မိုးရာသီတွေ၊ ဆောင်းရာသီတွေ
နွေရာသီတွေ၊ ပန်းတွေ။

ပြီး။ စာအုပ်တွေ၊ ဝတ္ထုတွေ
ရုပ်ရှင်ပဒေသာတွေ၊ ရှုမဝတွေ၊ သွေးသောက်တွေ
မြဝတီတွေ၊ ငွေတာရီတွေ၊ မိုးဝေတွေ။

ပြီး။ လက်ဖက်ရည်တွေ၊ အရက်တွေ
ဖိနပ်တွေ၊ ခြေသည်းလက်သည်း လှီးခုံလေးတွေ။

ပြီး။ ‘ငါ ဘယ်မှာလဲဟေ့’ ပြီး။ ‘ငါ ဘယ်မှာလဲဟေ့’
‘ငါ ဘယ်မှာလဲဟေ့’
ငါ့ဘာသာ ပုန်းတမ်းကစားတာတွေ။

တာဝှာ၊ အီကော်နောမစ်
စထရင်း ဟိုတယ်တွေ။

ဝါဇီ၊ ရွှေကြည်အေး၊ ရွှေလမင်း
ပြည်သူ့မုန့်တိုက် မရှိတော့။



အသည်းစွဲကဗျာဆရာ ၇

နေရတာ
ပျော်စရာကောင်းပါတယ်။

တောအထပ်ထပ်
တောင်အထပ်ထပ်လို
ဆောင်းအထပ်ထပ် နွေအထပ်ထပ်
မိုးအထပ်ထပ်မှာ
အံကစားပွဲ ‘ရှုံးကြေးသင့်သူ’ လို
နေရတာ
ပျော်စရာကောင်းပါတယ်။

‘ဂွင်းနက်’ စံချိန်တင်နိုင်ရန်
မြွေများကင်းများနဲ့ တစ်ခန်းထဲအတူတူ
နေရသလိုပဲ ငါ့ အဖြစ်ဟာ
နေရတာ
ပျော်စရာကောင်းပါတယ်။

သူ့အောင်မြင်မှုနဲ့ ငါ့ကို နှုတ်ဆက်ရာ
သူ့ကိုယ်နံ့ ငါမကြိုက်လို့ ငါ မုန်းငတ်ခဲ့
နေရတာ
ပျော်စရာကောင်းပါတယ်။

အနုပညာတစ်ပုဒ်
အနုပညာတစ်ရပ်ဟာ ရတောင့်ရခဲပဲ
နေရတာ
ပျော်စရာကောင်းပါတယ်။

အလျော အပျက် အကြား အစပ်များသဖြင့်
ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဝေးခဲ့ကြ
နေရတာ
ပျော်စရာကောင်းပါတယ်။

အပိုင်ရန်လိုခံရ၍
ငါဟာ ရန်သူရရှိခဲ့ပြန်ရာ
နေရတာ
ပျော်စရာကောင်းပါတယ်။

ငါ့ဒီကဗျာ ရေးဖွဲ့ခဲ့ရာ
ဒီနေ့ ဒီအချိန် ဒီနာရီ ဒီမိနစ်
နေရတာ
ပျော်စရာကောင်းပါတယ်။



အသည်းစွဲကဗျာဆရာ ၈

ငါ စကားလုံးတွေ ရွေးလာတယ်
ငါ ပြေပျောက်ဖို့
မင်း သက်သာဖို့။

ငါ့ခြေတစ်လှမ်းတိုင်း တစ်လှမ်းတိုင်း
ရှေ့တိုးလို့မရ
ရှေးပျို့များ
ရတုဘုရင်၏ ရတုများ ထစ်
ငါ့တို့ ထစ်, ထစ်
ထစ်, ထစ် ပြန်ဖတ်နေသလိုပဲ။

ပန်းသီးကိုစတွေ့ခဲ့တဲ့ လူနှစ်ယောက်မှ
ကုလားရုပ်ရှင်မှာ
ဟောလီးဝုဒ်ရုပ်ရှင်မှာ
သန်းများစွာ သီချင်းဓာတ်ပြားမှာ
CNN သတင်းမှာ
သမိုင်းမှာ
ရှင်းနေတာကို ရှင်းအောင်ပြောမဖြစ်လို့
ပြောလို့ဖြစ်တာ ပြောနေရတဲ့ ကမ္ဘာကြီး။

ငါဟာ ဖီလိုဆိုဖာ မဟုတ်ပါဘူး
အချစ်ဟာ မုန်လာဥနီပဲ။



အသည်းစွဲကဗျာဆရာ ၉

အသက် ၂၀ ကနေ
အသက် ၅ နှစ် ကြီးလာခဲ့တုန်းက
နိပ်ပါတယ်
ကောင်းပါတယ်။

အသက် ၅၅ နှစ်ကနေ
အသက် ၅ နှစ် ကြီးလာတာကတော့
ချစ်သော ‘ဂျနီဖာ’
အတော်ဆိုးတာပဲ။



အသည်းစွဲကဗျာဆရာ ၁၀

သားရေဖိနပ် ၃၈၀၀
ကြက်ပေါင်းဆီချက် ၃၅၀
လက်ဖက်ရည် ၁၅၀၊ စီးကရက် (စီးကရက်၊ ဆေးလိပ်
သောက်ခြင်းဟာ ခေတ်မမီမှုပဲ) မသောက်
သီလရှင်လှူ ၁၀၀
ဆံပင်ညှပ် ၅၀၀
ဘတ်စ်ကားခ ၁၂၀၊ အရပ် ၅’ ၈”
ကိုယ်အလေးချိန် ၁၃၀ ပေါင်
ဆံစပ်မှဲ့ရှိ၊ အလုပ်အကိုင် ကဗျာဆရာ။

ငါဟာ ရုပ်ရှင်တွေထဲက သုံ့ပန်းနဲ့ တူလာတယ်။
(အခုတလောတော့ ဝလာတယ် ပြောတယ်)
မိန်းမကို မေးကြည့်ရဦးမယ်
ပြီးရင် ပြောမယ်၊ Game ဆော့မယ်။

တာဇံလား၊ ဂေါ့ဖားသားလား၊ ကဗျာဆရာလား၊
ဟဲ ဟဲ။ ကဗျာဆရာပါပဲ။



အသည်းစွဲကဗျာဆရာ ၁၁

လက်ဖက်ရည်ခွက်ပေါင်း တစ်သိန်းလောက်
ငါ သောက်ခဲ့တာပေါ့ ကမ္ဘာကြီး။

ရဲကြီးခေါ် သစ္စာနီဆို
ခွက်ပေါင်း နှစ်သိန်းပြည့်ရှာရော့မယ်။

မောင်သစ်မင်း ငယ်စဉ် အသည်းကွဲတုန်းက
ဆေးမကူ ဘာမှမကူ
လက်ဖက်ရည် တစ်ခွက် နှစ်ခွက် သုံးခွက် လေးခွက်နဲ့
ကုစားခဲ့တယ်။ ကျော်ခဲ့တယ်။
ချိုခဲ့တယ်။ ခါးခဲ့တယ်။
ပူခဲ့တယ်။ ဆူခဲ့တယ်။ မုန်တိုင်းကျခဲ့တယ်။
လှိုင်းကြီးခဲ့တယ်။ ချောက်ထဲကျခဲ့တယ်။
လူဆိုတာ ကြုံရမှာပဲမို့ ကြုံခဲ့တယ်။

အပြစ်ကင်းတဲ့ လက်ဖက်ရည် တစ်ခွက် တစ်ခွက်
ငါတို့ စွဲခဲ့ကြတယ်။

ကောင်းရာမွန်ရာ လက်ဖက်ရည်ဆိုင်မှာ
ငါတို့ ထိုင်ခဲ့ကြတယ်။

သူငယ်ချင်းတစ်ယောက်ရဲ့ လက်ကောက်ဝတ်မှာ
I Love Tea တဲ့
ဆေးမင်ကြောင်
ထိုးထားတယ်။

အဖေနဲ့အမေရဲ့ ဘဝမှာ ဇိမ်ခံမှုဟာ
ချိုင့်ဆွဲလက်ဖက်ရည် တစ်ခွက် ပိုသောက်တာပါပဲ။

Oh Yeah!
ဒီမှာ လက်ဖက်ရည်နဲ့ မပြေပြီ အချစ်ကလေး။



အသည်းစွဲကဗျာဆရာ ၁၂

တစ်မိနစ်ပြီး နောက်တစ်မိနစ်မှာ
အရင်က တစ်မိနစ် အတိုင်းသာ။

တစ်မိနစ်ပြီး နောက်တစ်မိနစ်မှာ
Next, Next ပဲ နှိပ်ကာ နှိပ်ကာ။

တစ်မိနစ်ပြီး နောက်တစ်မိနစ်မှာ
ကျွန်တော် ဒီနေ့အပန်းဖြေသီချင်းနားထောင်မှု အဆင်မပြေလှပါ။



အသည်းစွဲကဗျာဆရာ ၁၃

မနက် ၂ နာရီမှာ ထ
မနက် ၂ နာရီမှာ ထ . . .
မနက် ၂ နာရီမှာ မထချင်လျှင်
မနက် ၂ နာရီမှာ ထ ။ ။



အသည်းစွဲကဗျာဆရာ ၁၄

ရှေ့ကဆရာများ
အလင်္ကာများ၊ ကဗျာပုလဲကုံးများ၊ ဖန်မီးအိမ်များ
လကွယ်ညများ၊ ဧရာဝတီမှ ဒုဌာဝတီများ
မန္တလေးမြို့၏မနက်ခင်းများ
ဘတ်သီးများလို လင်းခဲ့ဘိ။
သို့မဟုတ် မီးချောင်းလို လင်းခဲ့၏။
[ မီးချောင်းဆိုလို့ အဲဒီခေတ်တုန်းက
မီးချောင်းဖွင့်လိုက်ရင် တန်းမလင်းဘူး။
ဖျပ်ဖျပ်၊ ဖျပ်ဖျပ်၊ ဖျပ်ဖျပ်
မျက်တောင်ခတ်ပြီးမှ လင်းတာ
သတိရခြင်း မှတ်ဥာဏ်တွေလိုပါ။ ]

ငါတို့ခေတ်၏ ဂျွန်မိုးရေများ၊ သစ်ရွက်အသေများ
ဂန္တဝင်မမများ၊ မောင်ချောနွယ်အတုများ
ဒီပရက်ရှင်းမီးခိုးများ၊ အမှုန်အမွှားကင်းစက်တဲ့လက်ဆောင်များ
အခုန်များ
ဖော်ဝေးငှက်များ
အခြား ကဗျာလုံးချင်းများ
ခပ်တည်တည်ပဲ ရှိခဲ့တယ်။
ခပ်တည်တည်ပဲ နေခဲ့တယ်။

ဒီဘက်နှစ်များမှာ ကျွန်တော့်ကဗျာများ
ကျွန်တော့်ကဗျာလုံးချင်းများ
ကျွန်တော့် အသက်အရွယ်လို
ပိုတိုး ပိုများလာပါတယ်။

ကျွန်တော့ ကဗျာတစ်ပုဒ်ဟာ
တစ်ကြောင်းမျှ၊ နှစ်ကြောင်းမျှ၊ ၁၄, ၅ ကြောင်းမျှ။
ကျွန်တော့်ကဗျာလုံးချင်းတစ်အုပ်ဟာ
၁၀ ပုဒ်မျှ။ ၁၂ ပုဒ်မျှ။ ၂၅ ပုဒ်မျှ။

အဲသလို။ အဲသလောက်မျှ
ကျွန်တော် နှစ် ၄၀ ကျော် ရေးခဲ့ရတာပဲ။

ခပ်သလောက် မပါရင်
ပါသလောက် ခပ်ပါတော့။

ကဗျာတစ်ပုဒ်ဟာ ကျွန်တော်တို့ရေးတဲ့အခါ
ခန္ဓာရုပ်နာမ် နှစ်ပါး အားသွန်
လေးနက် အရေးကြီးပစေ
ဖတ်သူ၏ သဘောသကာယ မျှသာ ။ ။



အသည်းစွဲကဗျာဆရာ ၁၅

ဤတွင်ရွေ့
‘အသည်းစွဲကဗျာဆရာ’ ပြီး၏ ။ ။
ဒန်တန့်ဒန် . . .

အောင်ချိမ့်

==+==

ရှုံးပွဲများအတွက် အမှတ်အသား (အမှာ)

ရယ်စရာပါ။ ငိုစရာလည်း ဖြစ်နိုင်ပါတယ်။ ကဗျာပါ။ ကဗျာမဟုတ်ဘူးလို့လည်း ပြောနိုင်ပါတယ်။ ဘဝဖြစ်ချင် ဖြစ်မှာပေါ့။ ဖတ်ပါဦး။
မောင်ချောနွယ်က “ဘဝကို ဟာသဖြင့် မွမ်းမံသောအခါ အတော်အတန်ပျော်စရာကောင်းလာ၏” လို့ဆိုပါတယ်။ မကြားသေးမီလေးကပဲ သုခမိန်လှိုင်က “ထိပ်ပေါက် ခေါင်းကွဲ.. ဒဏ်ရာတွေဆို ရောင်စုံပတ်တီးလှလှ စည်းပြမယ်” တဲ့။ ကျွန်တော်ကြည့်ဖြစ်နေတဲ့ သီချင်းအချပ်က Bond မိန်းကလေးများတယောအဖွဲ့ ROYAL ALBERT HALL တင်ဆက်မှု ဖြစ်ပါတယ်။ “ပူလောင်မှု” ပါပြီး “ပူလောင်မှုပြေဆေး” လည်း တစ်ပြိုင်နက်တည်း ပါပါတယ်။ အနုပညာဟာအံ့သြစရာပဲ။ ရေငတ်ပြေခဲ့တယ်။
တစ်နှစ်ခွဲလောက် ကျွန်တော့် ခလုတ်ကသင်းဇာတ်ကို အရယ်အမောမပျက် တစ်လတစ်ပုဒ် မှန်မှန်ရေးနေခဲ့ပါတယ်။ ကျွန်တော် ရယ်ပြနေခဲ့ပုံပါပဲ။
“အသည်းစွဲကဗျာဆရာ”ပေါ့။ စာဖတ်သူများလည်း ကျွန်တော်နဲ့ အတူရယ်ကြပါ။ ကျွန်တော့်ကိုဖြစ်ဖြစ် ရယ်ပါ။ အလကား ငေါင်နေမယ့်အတူတူ ရယ်နေတာ မကောင်းဘူးလား
တကယ်လို့ “အသည်းစွဲကဗျာဆရာ” ကို မှားပြီး “အသည်းကွဲ ကဗျာဆရာ”လို့ ဖတ်ရင်လည်း .. ရပါတယ်။ You Okay: Thank You.

လေးစားစွာဖြင့်
အောင်ချိမ့်
၅ - ၉ - ၂၀၀၈

‘အသည်းစွဲကဗျာဆရာ’ ကဗျာအတွဲမှာ
၂၀၀၅ ဇူလိုင်မှ ၂၀၀၆ နိုဝင်ဘာအထိ
‘သရဖူ’ မဂ္ဂဇင်းတွင် တစ်လချင်း
ရေးစပ်ဖော်ပြခဲ့သော
ကဗျာများဖြစ်ပါသည်။ ယင်းကို ‘စိတ်ကူးချိုချို’မှ
တစ်စုတည်း တစ်ပေါင်းတည်း
ထုတ်ဝေခြင်းဖြစ်ပါသည်။

အောင်ချိမ့်၊ အသည်းစွဲကဗျာဆရာ
၂၀၀၈၊ ဒီဇင်ဘာ၊ ပထမအကြိမ်၊ စိတ်ကူးချိုချို။

Oct 19, 2009

ဘယ်ရောက်နေလဲ၊ ဆက်သွယ်မှုဧရိယာပြင်ပ

လှစ်ခနဲဆို လွတ်ထွက်သွားပြီ
လေပြည်လိုညင်ညင်သာ
ဆီလို အပေါက်ရှာ
စိတ်တစ်ခုဟာ တစ်ကြိမ်တည်းမှာ နှစ်ခါမညစ်နိုင်
(တော်ပါပြီ တစ်ကြိမ်မှာ တစ်ခါညစ်နဲ့တင် လုံလောက်ပါပြီ)
ငါစကားပြောနေတုန်း ငါမျက်စိကိုကြည့်ပါ
ဗျာ.. ဘာပြောလိုက်တယ်..
… … … …
ဗျာ.. မကြားရဘူးခင်ဗျာ.. ဟယ်လို.. ဟယ်လို..
လေ လေ လေ
အငမ်းမရ ငါ ရှူသွင်းနေပုံ
လေ လေ လေ
လက်ရှိအချိန် အရေးအကြီးဆုံးပဲ
လေ လေ လေ
မင်း ရောက်နေတဲ့ ဆက်သွယ်မှုဧရိယာပြင်ပမှာ လေထု သန့်စင်ပါရဲ့လား
ငါ ရောက်နေတဲ့ ဆက်သွယ်မှုကင်းမဲ့ဇုန်မှာတော့ လေထု ညစ်ညမ်းလှချည်ရဲ့
မြက်ခင်းစိမ်းစိမ်းကို မျက်စိထဲ မြင်လာ
ငယ်ရွယ်စဉ် ရှုရှိုက်ခဲ့ရသော လေပြေညင်းကို ပြန်ခံစားမိ
လုံလောက်တဲ့ အမြင့်တစ်ခုမှာ
အရာရာဟာ အစက်အပြောက်မျှသာ
ငါ တိုးဝင်လို့သွား
ဆက်သွယ်မှုဧရိယာအတွင်း။ ။

သီဟသူ
၁၉၊ ၁၀၊ ၀၉။
02:00 am

နေ၊ လ၊ ကြယ်

နေ

မင်းတို့အတွက်
အနွေးဓာတ်၊ အလင်းရောင်
စသည်ဖြင့် ပေးရန် မရည်ရွယ်မိပါ
ငါ့ အပူနဲ့ငါ. . .




မှောင်မှောင်မည်းမည်း
အေးစက်
အငှားအလင်းနဲ့ တောက်ပရရှာသူ
ဒါကိုပဲ လူတွေက
မသာလည်း တ၊ သာလည်း တ။


ကြယ်

ငါ့ကို မင်းတို့ မမြင်နိုင်ကြ
ခု မြင်ရတဲ့ အလင်းရောင်ဟာ
လွန်ခဲ့တဲ့ အလင်းနှစ် သုံးသန်းက အလင်းရောင်မျှသာ. . .

သီဟသူ
၁၉၊ ၁၀၊ ၀၉။
01:00 am

Oct 18, 2009

နေမဝင်တဲ့နေ့

လူတွေ ညစာ စားလိုက်ပြီးမှ
ဇဝေဇဝါ ဖြစ်သွားကြ
ပြတင်းတံခါးကို ပိတ်မယ်လုပ်ပြီးမှ
ပြန်ဖွင့်လိုက်ကြ
အိပ်ရာဝင်ဖို့ လုပ်သူများ
ပြန်ထလာကြ

ရွှေရောင်တောက်နေတဲ့ နေ့ဟာ သတ္တုတုံးလို
ငြိမ်သက်လို့
ဓမ္မသီချင်းသံက မဆုံးနိုင်အောင် ရှည်လျားပျံ့လွှင့်လို့
အစီအစဉ်များ လှုပ်ရှားမှုများ ရှေ့ကို မဆက်နိုင်ဘဲရပ်တန့်လို့

‘နေမဝင်တဲ့နေ့’
‘နေမဝင်တဲ့နေ့’
‘နေမဝင်တဲ့နေ့’ဟာ အားလုံးအတွက်
နေမဝင်တဲ့နေ့ဟာ အိပ်မက်ကျမ်းအားလုံးကို ဖျက်သိမ်း
ငါတို့ဟာ
နေမဝင်တဲ့နေ့ကနေ လွတ်မြောက်အောင်
ဆုတောင်းကြ

နေမဝင်တဲ့နေ့
နေမဝင်တဲ့နေ့
ညစာ မစားနိုင်သူတွေအတွက် စောင့်နေတာလား
နေမဝင်တဲ့နေ့ဟာ ညစာ မရှိသူတွေအတွက်
ဝမ်းသာစရာလား ဝမ်းနည်းစရာလား

နေမဝင်တဲ့နေ့ကြောင့်
လူတွေ
လမ်းမပေါ် လေးလေးတွဲ့တွဲ့ ထွက်လာကြတယ်
ဘယ်ကို သွားရမှန်းမသိပုံနဲ့ ယောင်ချာချာ ရပ်သူရပ်
နောက် ဟိုနားဒီနားထိုင်လို့
တချို့က လှည့်လည်လို့
ယန္တရားတစ်ခုရဲ့ အစိတ်အပိုင်းလို
ဘယ်သူမှလည်း မပြင်တတ်တော့
နေဟာ ကောင်းကင်ပေါ်ရပ်လို့
လူတွေဟာ နေပေါ်ကို
ဘတ်စ်ကားတစ်စင်းနဲ့ မှားပြီးတက်နေကြ
ဘားတစ်ခုမှာ သစ်သားစည်ကြီးတွေ အားကိုးနဲ့
အရက်ခြင်သူဟာ
ခြင်တဲ့ခွက်ကလေးကိုင်ပြီး ဘာလုပ်ရမှန်းမသိ
(သူတို့ နောက်ကျနေကြတာလား)
လူသတ်သမားစွပ်နေကျ လက်အိတ်လိုည
ဘယ်မှာလဲ
အသားကင်တဲ့ မီးဖိုက မီးခိုးခေါင်းတိုင်ကြီး
အငွေ့တလူလူထ
ရှေ့ကအပေါက်မှာ တံစို့ထိုးထားတဲ့
အသားသီတွေ စောင့်ဆိုင်းနေကြ
အသားကင်သမားက ပြီးခဲ့တဲ့ တနင်္ဂနွေက
ပျက်ကွက်သွားတဲ့ ဘုရားကျောင်းဝတ်ပြုပွဲအတွက်
ဒီနေ့ စိတ်စောနေ

နေမဝင်တဲ့နေ့မှာ
ဂျစ်ပဆီတစ်ယောက်
သူ ကုတ်အင်္ကျီကြီးကို လှည့်လည်ရောင်းချလို့
နေမဝင်တဲ့နေ့မှာ
ပြဇာတ်ရုံထဲ လူမရှိဘူး
နေမဝင်တဲ့နေ့မှာ
ကောင်းကင်ဘုံရှာသူတွေ လမ်းမှားသွားတယ်
နေမဝင်တဲ့နေ့မှာ
ကမ္ဘာကြီးဟာ
ပိတ်လို့မရတဲ့ မီးလုံးတစ်လုံးဖြစ်တယ်

နေမဝင်တဲ့နေ့မှာ
အမဲလိုက်သေနတ်များ
တောစီးဖိနပ်များ
လတ်ဆတ်သော ငန်းသားကင်များ

စစ်တုရင်ကွက်တွေ မပြီးသေးဘူး
ဘိလိယက်ခုံတွေ မပိတ်သေးဘူး
စန္ဒရားတွေ မနားသေးဘူး
သင်္ဘောတွေ မထွက်သေးဘူး
နေမဝင်သောနေ့မှာ နေလုံးဟာ မီးလောင်စပြုပြီ

နေကိုမော့ကြည့်ပြီး မြေခွေးတွေက
ဝမ်းသာအားရ ဖြစ်နေကြ
ငါတို့ချဉ်စရာ စပျစ်သီးတစ်လုံးတော့ ရပြန်ပဟေ့
ကျာပွတ်သမားတွေက နေကို လက်ညှိုးထိုးပြပြီး
ပိရမစ်ဆောက်ဖို့ ကျွန်တွေကို မနားတမ်းခိုင်းစေနေကြ
နေထဲမှာ ‘ကမ္ဘာကြီး ဘာဖြစ်ပါလိမ့်’ဆိုပြီး
ချောင်းကြည့်နေတဲ့ တခြားကမ္ဘာက
ဂြိုဟ်သားမျက်နှာတွေ တွေ့ရ
မဝင်တဲ့နေအောက်မှာ
အရူးတွေ နောက်တစ်ကြိမ် ကခုန်ဖို့ ထွက်လာကြ
ဝန်တင်မြည်းတွေ နေမဝင်သရွေ့
လမ်းမတွေပေါ် တညည်းညည်း တညူညူ သွားနေဆဲ

ဘုရားသခင်ဟာ ကဖေးဆိုင်ထဲက ထလာပြီး
အော်ပြောလိုက်တယ်
တဆိတ်-သည်းခံကြပါ လူကြီးမင်းတို့
ဒီဘိလိယက်ကို ကျုပ်စဉ်းစားနေလို့။ ။

ပိုင်
အရိုးစစ်ဆေးမှု၊ ၂၀၀၉၊ မေလ၊ ကျော်မွှေး

ပိရမစ်များ

ငါ့နှလုံးသားထဲ ပျောက်ကွယ်သွားတဲ့ ‘မြို့တစ်မြို့’ကို
ဒီကနေ့ ပြန်ရှာတွေ့ခဲ့တယ်လို့ ကြွေးကြော်ခဲ့ခြင်းဟာ
ဘယ်လောက်များ မြေခွေးတစ်ကောင်
ဆန်လိုက်ပါလိမ့်။
ဒုက္ခဘီးတွေ တအီအီလိမ့်နေတဲ့မြို့
ကောက်ကျစ်တဲ့ မီးလုံးတွေ
အစီအရီတပ်ဆင်ထားတဲ့မြို့
အာဃာတနှင်းတွေ တစ်မြို့လုံးပိကျနေတဲ့မြို့
မြွေတစ်ကောင်လို ခြေထောက်မရှိဘဲ
သွားလာနေတဲ့မြို့
ဘုရားရှိခိုးကျောင်းက နာရီကိုကြည့်ပြီး
ထွက်ပြေးသွားတဲ့မြို့
တိတ်ဆိတ်နက်ရှိုင်းလှတဲ့ ခြောက်သွေ့ပင်လယ်ပြင်ထဲ
အတိတ်က အရက်စည်နဲ့ ခေါင်းစည်းပဝါတွေ
ဆန်ဆန်မျောလွင့်
ပင်လယ်ဓားပြတစ်ယောက်လို
အာသာငန်းငန်း ကြေကွဲခဲ့တဲ့မြို့။
ငါ့မြို့ထဲ ညစာစားပွဲများနဲ့ အလည်ခေါ်ချင်ပါရဲ့
ငါ့မြို့က လူကြီးလူကောင်းယဉ်ကျေးမှု တစ်စုံတစ်ရာ
မပေးအပ်မှာ ကြောက်တယ်
အရေးပါပါ အခမ်းအနားဖွဲ့ ကဗျာရှည်ကြီးတွေလည်း
မထွန်းကားခဲ့ဘူး
အဲဒီမြို့ထဲ နတ်ဆိုးနဲ့ ဝိုင်အရက်ဟာ
ကျိန်စာနဲ့အပြစ်ကို သယ်ဆောင်ခဲ့ပြီးမှ
ငါ့ကိုထုံအနေတဲ့ ကျမ်းစာတစ်စောင်ဖတ်ပြတယ်။
ငါပြောခဲ့ပြီးပါပကောလား
ဝေးလံလှတဲ့ ခေတ်တစ်ခုဆီက
အလဲလဲအပြိုပြို အတွေးများဟာ
သစ်ကုလားအုပ်တစ်ကောင်လို
တရွေ့ရွေ့ ပြန်လာနေပုံက
အဲဒီခေတ်က အတိုင်းပါပဲလို့၊ ငါက ဒီခေတ်ထဲမှာ
တစ္ဆေလေ။
သေဆုံးသွားတဲ့ ငါ့ရုပ်အလောင်းကို
လံချားဘီးအိုကြီးများပေါ် တင်ဆောင်လာတဲ့
ငါ့မြို့က
တိတ်ဆိတ်အထီးကျန်ဘာတစ်ခုမှ ဖြစ်လာဖွယ်မရှိတဲ့
ဟင်းလင်း ပြင်တစ်နေရာမှာ
လက်တစ်ဖက်ကို ချွန်မြနေအောင် မြှောက်ရင်း
ရပ်တန့်သေဆုံးလို့။
နေ့လယ်စာ ဆာလောင်နေသူတွေအတွက်
ဖဲချပ်များလှည့်စားဖို့
ပြတိုက်တံခါးအိုကြီးတွေ သော့ခတ်ပိတ်ထားဆဲ
သူတို့ကို အခမဲ့
ဝင်ကြည့်ခွင့်ပေးလိုက်ပါဘုရားသခင်
ကောင်းကင်ကြီးက အယ်နီညိုးတွေနဲ့
အရိုးကြဲနီရဲနေတဲ့ ဟောဒီနေ့မျိုးမှာ
ငါကိုယ်တိုင်က အရုပ်စာများရဲ့ တစပြင်ထဲမှာ
ကိုယ့်ခေါ်သံကိုယ်မကြားရတဲ့ လဲလျောင်းမှု။ ။

ပိုင်
အရိုးစစ်ဆေးမှု၊ ၂၀၀၉၊ မေလ၊ ကျော်မွှေး

ရန်ကုန်ည

ဆုပ်ကိုင်နိုင်သမျှဆုပ်ကိုင်
ရပ်တည်နိုင်သမျှရပ်ထား
ဘာမှအလကား မရဘူးဆိုလို့
စတိုးဆိုင်ရှေ့က လမ်းဖြတ်ကူးခဲ့တယ်။

ဒီမှာလေ
ကျပ်မပြည့်တဲ့ညဥ့်ငှက်တွေ
တစ်ဖန် ပြန်လည်ရှင်သန်ထမြောက်လာကြတဲ့
ရန်ကုန်ဆိုတဲ့ ရန်ကုန်ညမှာ
ပန်းဆိုးတန်းတစ်ဝိုက်
လမ်းသလားကြည့်လိုက်တော့
ရန်ကုန်ညဟာ
ကားမီးရောင်နဲ့ တုန်နေရဲ့။

ဒီခေတ်မှာ
နာတာရှည်ရောဂါကို
ဆေးမြီးတိုနဲ့ ကုသချင်လို့ မဖြစ်ဘူး။
ညပလက်ဖောင်းပေါ်က
အမျိုးကောင်းသမီးလေးရယ်
ဘဝဆိုတာ
ဂွဒ်မောနင်းပေါင်မုန့်စိမ်ထားတဲ့ နို့တစ်ခွက်ပေါ့
သေခြင်းတရားဆိုတာတော့
သတ္တဝါတိုင်းရရှိမယ့် အချိန်ပို လုပ်အားခပဲ။

လန့်နိုးခဲ့တဲ့ အိပ်မက်အတွက်
ဒေါသထွက်နေလို့လည်းအပို
ရှယ်လီကိုရွတ်ဆို
ဘိုနိုကိုဂုဏ်ပြု
မသမာမှုမှန်သမျှ
လက်တကမ်းက ရင်ဆိုင်ထားလိုက်မယ်။

ဒီကနေ့ည မိုးကောင်းကင်မှာ
မိုးသာတိမ်လိပ်တွေ ကင်းစင်ပါရဲ့လား
ခင်ဗျားတို့ရဲ့ သွေးထဲမှာရော
ပိုးမွှားတွေ သန့်စင်ပါရဲ့လား
သံသရာ ချားရဟတ်ထဲမှာ
ငွေကြယ်ကလေးတွေ ပွင့်ခဲ့လို့
ကိုယ့်ဘဝကိုယ် မက်မောမိပြန်တယ်
တကယ်ဆိုရင်
တို့သွေးသားဟာ
အမှန်တရားနဲ့သာ တည်ဆောက်သင့်ပေရဲ့။

သြော်…
အနော်ရထာလမ်းမကြီးက
ခြေသံတွေကို ထမ်းထားဆဲ
ချွေးတစိုစို လူတန်းကြီးတွေနဲ့
ခုံးကျော်တံတားကြီးတွေအောက်
ဘဝတွေ စီးဆင်းနေလေရဲ့။

ဘယ်ဆီဘယ်ဝယ်မသိ
ဘဝတွေ စီးဆင်းနေလေရဲ့။

စစ်ကြီးအတွင်းတုန်းက
ရန်ကုန်ညမှာ
ဗုံးခိုကျင်းတွေ တူးခဲ့တယ်။

စစ်ကြီးအတွင်းတုန်းက
ရန်ကုန်ညကို
ဗြိတိသျှစစ်သားတွေ ဆုတ်ခွာခဲ့ကြတယ်။

စစ်ကြီးအတွင်းတုန်းက
‘ကင်ပေတိုင်’ ရုံးခန်းဟာ
‘ရွှေဂုံတိုင်’ မီးပွိုင့်နားမှာ ရှိခဲ့တယ်။

စစ်ကြီးအတွင်းတုန်းက
လူတွေ ကပ်ဆိုက်ခဲ့ကြတယ်

စစ်ကြီးပြီးပြန်တော့
ရန်ကုန်ညမှာ
အင်းစိန်တိုက်ပွဲ ဖြစ်ခဲ့တယ်။

ဒီလိုနဲ့
ရန်ကုန်ညမှာ
‘မိုရှေဒါယန်း’ အိပ်စက်ခဲ့
‘ချူအင်လိုင်း’ အိပ်စက်ခဲ့
‘ချာဗလစ်ယောင်ချိုင်ယု’လည်း အိပ်စက်ခဲ့။
ခုတော့ ရန်ကုန်ညဟာ
ပြီးခဲ့တဲ့စစ်ကြီးကို မေ့လို့
ကြုံခဲ့တဲ့ ဒုက္ခတွေကိုမေ့လို့
‘အဖော်’ကို ဟိုတယ်ပေါ်မှာ ဝေငှလို့
လူငယ်တွေ ကြယ်လို ကခုန်လို့
မရေရာတဲ့ ဆော့(ဖ်)ဝဲတွေနဲ့
ရန်ကုန်ညဟာ သက်ဝင်လှုပ်ရှားလို့။

ဟဲလို… ရန်ကုန်ညရေ
သင်နဲ့ နှစ်ဦးသဘောတူ ပွေ့ဖက်ပြီး
သင်နဲ့ နှစ်ဦးသဘောတူ အိပ်စက်ခဲ့ရတာ
အကုန်အကျ များလွန်းလှပေမယ့်
အခုထိ မငြီးငွေ့နိုင်တာ ဘဝပေါ့
ဂိတ်ထိုးလိုက်တဲ့ အောက်ဆိုက်ကားလေးပေါ်
အနာဂတ်ကို မျှော်ပြီး တက်လိုက်တယ်။

ခုံးကျော်တံတားကြီးတွေအောက်
ဘဝတွေ စီးဆင်းသွားရှာပြီ။

မိုဃ်းဇော်
ရုပ်ရှင်တေးကဗျာ၊ ဒီဇင်ဘာ၊ ၂၀၀၆
ရွှေအမြုတေစာပေဆု (၂၀၀၇)
ကြေးစား၊ ၂၀၀၉၊ မတ်လ၊ Majestic publishing

ဖီးနစ် (PHOENIX)

ပထမ
ငါ့နာမည်ကို မေ့လိုက်ပါ။

ဒုတိယ
ငါ့နာမည် စာလုံးပေါင်းကို မေ့လိုက်ပါ။

တတိယ်
ငါ့ပါးစပ်ထဲက
ဒဏ္ဍာရီဆန်ဆန်
မီးလျှံတွေကို မေ့လိုက်ပါ။

နောက်ဆုံး
တောင်တွေကိုကျော်လွှား
တိမ်တွေကိုတွန်းလှန်
စိမ်းလန်းသော မနက်ဖြန်ဆီ အရောက်ပျံမယ့်
ငါ့အတောင်ပံတွေကိုပါ မေ့လိုက်ပါ။

မိုဃ်းဇော်
ရုပ်ရှင်တေးကဗျာ၊ ဇန်နဝါရီ၊ ၂၀၀၈
ကြေးစား၊ ၂၀၀၉၊ မတ်လ၊ Majestic publishing

ကိုချောလာတယ် - ၂

ကိုယ့်လူရေ . . . ကိုယ်ပြန်လာပြီ
ကိုယ့်ကိုနည်းနည်းတိုက်ပါကွာ
ချမ်းတယ် ကိုယ့်လူတွေရော O.K လား
ကိုယ်ကတော့ ဘာမှ မဟုတ်ခဲ့ပါဘူကွယ်
ကဗျာဆရာဖြစ်ချင်ခဲ့တာပဲသိတယ်
ဖြစ် မဖြစ်တော့ ကိုယ့်လူတွေပဲ ဆုံးဖြတ်ကြ
‘သစ္စာပန်းများနဲ့ မေလ’
‘ကြမ်းပိုးများတဲ့ အိပ်ယာ’
ဒါတွေဟာ ကိုယ့်စစ်စစ်တွေပါကွယ်
‘ညီမလေး မမမြင့်’ထဲမှာ ကိုယ့်ဘဝကြီး ဟက်တက်ပေါ့
သောက်မယ်နော်
မင်းကြီးတောင်ခြေ ကိုယ်သွားတယ်။
ပျော်စရာ မကောင်းတော့ဘူး
ညီလေး သြဂတ်(စ်)လင်းလည်း မရှိဘူး
ဈေးကောက်လုပ်ခဲ့တာလည်း မလုပ်ချင်လို့ပါ
အမေက သားချင်းယှဉ်ခဲ့လို့သာ လုပ်ခဲ့တာ
ဇေယျာလင်းရေ . . . ကိုယ့်ကိုယုံကြည်တဲ့ ဇေယျာလင်းရေ
ကိုယ့်လမ်းပိုင် ကီလီကို သွားဦးမယ်
‘ဆတ်သွား’လို ကဗျာရေးဦးမယ်
ကိုယ့်ဝမ်းမီးလေး နွေးပြီကွယ်
အားလုံးကို ကျေးဇူးတင်တယ်
ညီမလေး မမမြင့်ကို ကြည့်ပေးပါ
သမီးလေးတွေလည်း ပါတာပေါ့
ကိုယ်ရွေ့မယ်
ပြစ်ပြစ်နှစ်နှစ် လွမ်းရပါတယ်ကွယ်
အခု ကိုယ်သိရပါပြီ
ကိုယ်ဟာ သစ်စေးမဟုတ်ဘူး။ ။

ဇေယျာလင်း
ရနံ့သစ်မဂ္ဂဇင်း၊ ၂၀၀၃
ထင်ရှားသည့်အမှတ်အသား၊ ၂၀၀၆၊ မတ်လ၊ နှစ်ကာလများ။

အစ

အစဟာမထင်ရှားဘူး
စကတည်းက မထင်ရှားတဲ့အစ
စစချင်းမှာ ထင်ရှားတာမရှိတဲ့အစ
အစမှာ အစဟာမထင်ရှားဘူး
မထင်ရှားတာ စစချင်းရဲ့အစ
စစချင်း မထင်ရှားတဲ့ အစရဲ့အစ
အစဟာ ဘယ်လိုထင်ရှားမယ်
ထင်ရှားမှုရဲ့ အစဟာစစချင်း
ထင်ရှားစမှာ အစဟာဘယ်လိုစသလဲ
အစမှာ ထင်ရှားလာတာ ထင်ရှားလာတဲ့အစလား
ထင်ရှားမှုရဲ့ အစဟာ တစ်စတစ်စ
အစစအရာရာ ထင်ရှားစရာမရှိတဲ့ အစတစ်စ
ထင်ရှားစရာဆိုလို့ အစစအရာရာဟာ တစ်စပြီးတစ်စ
တစ်စပြီး တစ်စ အစစအရာရာဟာထင်ရှားစ စလာတယ်
ဘယ်အစဟာ အစရဲ့အစ စစချင်းလို မထင်ရှားတော့
အစ တစ်စမဟုတ်တစ်စဟာ မထင်မရှားစခဲ့ပြီ
မထင်မရှားနဲ့ တစ်စပြီးတစ်စ အစရှာတွေ့ခဲ့ပြီလား
စလာပြီပေါ့တစ်စ ပြီးတစ်စ ပြီးတစ်စ
စစရာအစတိုင်းဟာ တစ်စတစ်စ ထင်ရှားလာတော့တယ်
ထင်ရှားစရာတိုင်းဟာ တစ်စပြီးတစ်စ စစလာနေပြီ
လာနေပြီ တစ်စစ
လာစဟာ မထင်မရှားစခဲ့တယ်
တစ်စပြီးတစ်စ အစစအရာရာဟာ ထင်ရှားလာနေပြီ
အစရဲ့ အစကို ပြန်စရာမလိုတော့ဘူး
ထင်ထင်ရှားရှားပဲ တစ်စစရဲ့အစကိုစလိုက်ပြီ
ဒီအစနဲ့ပဲ စလိုက်ကြရမှာဖြစ်တယ်
အစဆိုတာ ဘာလဲ
စတယ်ဆိုတာ ဘာလဲ
ဒါဟာ စလိုက်တဲ့အစပဲ။ ။

ဇေယျာလင်း
၁၁ ဖေဖော်ဝါရီလ ၂၀၀၄
ထင်ရှားသည့်အမှတ်အသား၊ ၂၀၀၆၊ မတ်လ၊ နှစ်ကာလများ။

Oct 16, 2009

ငြိမ်းချမ်းရေး တစ်နေ့ / Peace One Day

ငြိမ်းချမ်းရေး တစ်နေ့

လူတိုင်းပဲ လိုချင်တာပေါ့
ဒီ
“ ငြိ မ်း ချ မ်းေ ရး ”

ခဏလေး…
ခုပဲ (ယူအက်စ် ဒေါ်လာ) ၃ဘီလီယံဖိုး “ကာကွယ်ရေးစနစ်နှင့် ပစ္စည်းကိရိယာများ”
အမှာစာ အီးမေးလ်ရောက်လာလို့
ပြီးမှ
စကားဆက်တာပေါ့။


Peace One Day

Of course, everyone wants
This.
“ P E A C E ”

Wait a sec.
Just got this eamil, 3 billions (u.s. dollar) worth of order
For various kinds of “Defence System and Equipment”.
We could chat
Later.

သီဟသူ
၁၆၊ ၁၀၊ ၀၉။

စာကြွင်း
စက်တင်ဘာ ၂၁ အား ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အဖြစ် ကုလမှ သတ်မှတ်ထား။
၃၆၅ရက်တွင် တစ်ရက်လောက် ငြိမ်းချမ်းရေးအရသာကို ခံစားကြည့်ဖို့ဖြစ်သည်။

ဟာသ

ပေါ့စေလိုလို့ ကြောင်ဆေးထိုးတယ်
ဆေးလည်းထိုးအပြီး (အဲ့ကောင်) ကြောင်သွားတယ်
ကမ္ဘာကြီး စိန်းလမ်းစေဖို့တဲ့
အိမ်နောက်ဖေး မာရှီစိုက်တယ်
မင့်ခံစားမှုက အတုပဲ၊ လန်ကြုပ်ပဲတဲ့
(ပြောတဲ့ကောင်က) ဖြတ် ညှပ် ကပ် သီချင်း/ကဗျာ/စာ ရေးတယ်
ထန်းပင်အောက်ကစောင့်တာတောင်
ထန်းရည်အစစ်မရဘူး
ဘဝကြီးကိုက
ဟာသပဲ။

သီဟသူ
၁၆၊ ၁၀၊ ၀၉။

ချောမောစွာ ရောက်ရှိကြောင်း

အစကတည်းက အစစအရာရာ
မသေချာခြင်းသာ
သေချာခဲ့
ကြိုတင်သေချာခဲ့မှုများ မသေချာတော့တဲ့
ဒီခရီးအတွက်
ဒီကွေ့မှာ ဒီတက်နဲ့ ဒီလိုလှော်၊ ဟိုကွေ့မှာ ဟိုတက်နဲ့ ဟိုလိုလှော်
စာသင်ခန်းမှ သင်ခန်းစာများ၊
(စေတနာနဲ့)မျှဝေကြတဲ့ အတွေ့အကြုံများ
(သတ်မှတ်ကီလိုထက်ပို၍ (လူကြုံပေးမှုများလည်းပါ)
ဒဏ်ကြေးပေးဆောင်ခဲ့ရ၊
ဒဏ်ကြေးကား ဆုံးစမဲ့ သံသရာဝဋ်ဒုက္ခ)
စသည်တို့ဖြင့်
အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့
ချောမောစွာ ရောက်ရှိကြောင်း. . .

ရှေ့တွင် မြင်နေရပါပြီ
“ မစ္စတာ သီဟသူအား လောကဓံရှစ်ပါးမှ
အထူး (အထူး) ဝမ်းမြောက်စွာ ကြိုဆိုပါ၏။ ”


သီဟသူ
၁၅၊ ၁၀၊ ၀၉။

ဝေဒနာ

နေမယ်ဆို နေလို့ရသေးတယ်
သေဖို့ဆိုတာကတော့
အင်း…

သူ့ရင်ထဲမှာ ခံစားမှုတွေရှိတယ်
နာကြည်းမှုတွေရှိတယ်
မကြေနပ်မှုတွေရှိတယ်
မြတ်နိုးမှုတွေရှိတယ်
စေတနာတွေရှိတယ်

သူ့မိသားစု၏ ပြောကြားချက် -
“သူ နောက်ဆုံးအချိန်မှာ သက်သက်သာသာပါပဲ။
ဝေဒနာမခံစားသွားရပါဘူး။”

တစ်ဘဝလုံး
ရင်နှင့်မဆံ့ ခံစားခဲ့ရပြီးမှတော့၊
ယင်းခံစားခဲ့ရမှုများကိုတောင်မှ
ပြည့်စုံအောင် မဖော်ပြနိုင်ခဲ့သည့်အတွက်
နောက်ဆုံးအချိန်တွင် သက်သက်သာသာရှိခဲ့ကြောင်း
(မိသားစု၏ ပြောကြားချက်)

ကျွန်တော် ထပ်မံ မဖော်ပြတော့ပါ. . .

သီဟသူ
၁၅၊ ၁၀၊ ၀၉။

ကစားပွဲ

ဟိုးယခင်မှအစ
ယခုထိတိုင်
နောင်လည်းရှိနေဦးမည့်
ကစားပွဲ

ကစားမလား၊ နားမလား
ချမ်းသာရေးလား၊ ကျန်းမာရေးလား
ကြောင်ဖြူလား၊ ကြောင်မည်းလား
(ကြွက်မိမည်ဟု သေချာပေါက် အာမ မခံ)

ပါဝင်သူများအားလုံးကို မေတ္တာတုံ့ပြန်သောအားဖြင့်
ရွေးချယ်နိုင်မည့်အခွင့်အရေး…
နေမလား၊ သေမလား

နောက်ဘဝ၊ ဒီအချိန်၊ ဒီကစားပွဲမှာ ပြန်လည်ဆုံတွေ့ ရွေးချယ်ကြပါစို့…

သီဟသူ
၁၅၊ ၁၀၊ ၀၉။

Oct 15, 2009

ခါချဉ်ကောင်

အစွယ်ရှိတဲ့သူက အစွယ်အားကိုးနဲ့ ဂုဏ်မောက်တယ်
အဆိပ်ရှိတဲ့သူက အဆိပ်အားကိုးနဲ့ ဂုဏ်မောက်တယ်
ငွေရှိတဲ့သူက ငွေအားကိုးနဲ့ ဂုဏ်မောက်တယ်
အာဏာရှိတဲ့သူက အာဏာအားကိုးနဲ့ ဂုဏ်မောက်တယ်
မေမေရေ…
မေမေ့သားလေ
ကဗျာလေး နှစ်ပုဒ်၊ သုံးပုဒ်နဲ့
မောက်မာနေလိုက်ပုံများ…

သီဟသူ
၁၄၊ ၁၀၊ ၀၉။

Oct 14, 2009

ရန်ကုန်

ရန်ကုန်ဟာ မြို့ဖြစ်တယ်၊ မြို့တော်ဖြစ်တယ်
ရန်ကုန်ဟာ အန်စာတုံးပဲ… ဘုရားသခင် ကြွေအန်ကစားတယ်
မျက်မမြင် ပုဏ္ဏားတစ်ယောက်လို ရန်ကုန်ကို ငါ ထိစမ်းမိတယ်
ရန်ကုန်မှာ ရင်တုန်ရတယ်၊ ရင်ခုန်ရတယ်
ရန်ကုန်ဟာ ညစ်ပတ်ပေရေနေသလို၊ နှစ်သက်နေချင်စရာလည်း ဖြစ်နေတယ်
ရန်ကုန်မှာ လူငယ်ရှိတယ်၊ ကဗျာရှိတယ်
ရန်ကုန်မှာ အနုပညာရှိတယ်၊ ခံစားမှုရှိတယ်
ရန်ကုန်ဟာ ငရဲဖြစ်သလို၊ နိဗ္ဗာန်လည်းဖြစ်တယ်
ကမ္ဘာတစ်ခြမ်း မှောင်နေချိန် ကျန်တစ်ခြမ်း လင်းသလို၊ ရန်ကုန်ဟာ ကမ္ဘာကြီးဖြစ်တယ်
ရန်ကုန်မှာ မညီမျှမှုတွေရှိတယ်၊ မကြည်သာမှုတွေရှိတယ်
ဒါတွေဟာ ငါ့ရဲ့ ထိစမ်းမိမှုများသာဖြစ်တယ်၊ အန်စာတုံးရဲ့ မျက်နှာတစ်ဖက်မျှသာဖြစ်တယ်
ငါ… ကြွေအန်ကစားတယ်
ဒေါက်ခနဲ ပစ်ချလိုက်တယ်
ရန်ကုန်…

သီဟသူ
၁၃၊ ၁၀၊ ၀၉။

တွေ့ကြမယ်လေ၊ နောင် ပြန်တွေ့ကြရင်ပေါ့

ခင်ဗျားလည်း ခင်ဗျားလမ်းနဲ့ ခင်ဗျား
ကျွန်တော်လည်း ကျွန်တော့်လမ်းနဲ့ ကျွန်တော်
လမ်းတူလို့ လူချင်းတွေ့ရပေမယ့်
ရင်ဘတ်ချင်း ဂျက်ပင်ထိုးထားကြပေမယ့်
တစ်ခုခုပြောပြီးတိုင်း ဒါပေမဲ့နဲ့ အဆုံးသတ်ရတယ်
တစ်မြို့တည်းမှာ တစ်ကမ္ဘာစာ ဝေးနေကြတယ်
ရင်ခုန်သံလှိုင်းတွေကို ညှိဖို့
စာအုပ်တွေ၊ စာရေးသူတွေအကြောင်း ပြောကြဖို့
တွေ့ကြမယ်လေ
နောင် ပြန်တွေ့ကြရင်ပေါ့. . .

သီဟသူ
၁၃၊ ၁၀၊ ၀၉။

Oct 13, 2009

Social Networking/Marketing

I’ve a blog,
Of course, on Blogger.com.
I’ve got so many hits, visits.
Nearly millions of trillion.

I also tweet.
Of course, I’ve so many followers.
Nearly millions of trillion.

I’ve a FaceBook Fan page.
I’ve so many fans too.
Nearly millions of trillion.

I am, one of
The millions of trillion
Of your blog readers, visitors,
Twitter follwers,
And FaceBook Fans.

Thi Ha Thu

Oct 11, 2009

ဆောင်းဘောက်စ်ထဲကနေ
ဒိုးလုံး အရိုးထိအောင် ရူးနေတယ်
ငါက စိမ်းတဲ့ ကဗျာတွေနဲ့ လုံးပမ်းနေတယ်
အပူချိန် သိသာစွာ

ကျ
ဆင်း
သေး
လမ်းထိပ် ဆိုက်ကားဂိတ်ဘေးက ဇယ်ခုံလောက်တောင် အားပေးမှုမရ
အားလုံးအားပေးတာက အီး၊ ပီ၊ အယ်လ် ပွဲစဉ်များ
အားလုံးဆဲတာက အမ်၊ အန်၊ အယ်လ် ပွဲစဉ်များ

ကဗျာမှထွက်မလာရင်
အသက်ရှင်ခြင်းတရားကို
ငါသတ်မိလိမ့်မယ်။
(ဖော်ဝေး)


ကိစ္စက သေမလား၊ နေမလား ချိန်းဆိုမှု
ညနေက သူငယ်ချင်းတစ်ကောင် စော်နဲ့ ပြတ်သွားတယ်
ညနေက သူငယ်ချင်းတစ်ကောင် ကစော် ပြတ်သွားတယ်
အရေးအသားတစ်ခု
တစ်ကြောင်းရေး နှစ်ကြောင်းခြစ်ရတယ်
ဆင်ဆာ ဆင်ဆာ အော်တဲ့ သူငယ်ချင်းစာရေးဆရာတစ်ယောက်ရှိတယ်
ထင်တာ ထင်တာ အားလုံးဟုတ်ယောင်မှုတဲ့ သူငယ်ချင်း တရားဟောဆရာ တစ်ယောက်ရှိတယ်
ညမှာ အပြစ်/အဖြစ် ရှိသူ
ညမှာ အချစ်/အခြစ် တွေနဲ့လူ
ညမှာ စိတ်ဓာတ်ကျတဲ့သူ/ စိတ်တက်ကြွတဲ့သူ
ညမှာ အိပ်မရသူ/ မအိပ်ရသူ
သန်းခေါင်ကျော်ရင် အာရုဏ်ကို ဆိုပေမယ့်
ဒါကလည်း မသေချာပြန်ဘူး။

သီဟသူ
၁၀၊ ၁၀၊ ၀၉။

Sep 24, 2009

တစ်နေ့တစ်နေ့

ဘဝကို တစ်ရက်ချင်း နေထိုင်
အသက်ကို မှန်မှန်ရှူသွင်း
ကျောက်ဆောင်တို့ပေါတယ်
လှိုင်းလည်းကြီးတယ်
မီးပြတိုက်က အလင်းရောင် ပျောက်မသွားခင်
စက္ကူလှေကို
ရွက်တို့ဖွင့်ရင်း
တက်ကိုလှော်ရင်း . . .

၂၄၊ ၀၉၊ ၂၀၀၉။
သီဟသူ

Sep 23, 2009

နောက်ထပ်နေ့များ ၂

မနက်အိပ်ယာအထမှာ
မိုးသည်းထန်စွာရွာတာနဲ့ ကြုံတော့
ဘာဖြစ်ရမှာလဲ
ရောမန္တိကမိုးပေါ့၊ တစ်မနက်လုံးလုံး
အိပ်ဇစ်စတယ်လစ်ဇင်မိုးပေါ့၊
ကဲ။ နေမွန်းတည့်ပြီ၊ အပူရှိန်အလွန်ပြင်းသည်၊
မစည်ကားအပ်တဲ့ နေရာတွေမှာ စည်ကားပြီ၊
ယန္တရားတွေ လည်ပတ်ပြီ၊ မုန်တိုင်းတွေတိုက်ပြီ၊ ငလျင်တွေ လှုပ်ပြီ။ မနေ့က
ဟုတ်တယ်ဆိုတာ
ဒီနေ့ မဟုတ်တော့ဘူးတဲ့၊
ဟော အခု ဟုတ်သွားပြန်ပြီတဲ့။
မီဒီယာပေါင်း သောင်းခြောက်ထောင်မှ ထုတ်လွှင့်နေပါပြီ။
(လက်ညိုးနဲ့ လက်မဝိုင်းပြပြီး) ‘ဒါ အရေးကြီးတယ်’တဲ့ ‘မင်းရောဘယ်လိုလဲ’တဲ့
ဟုတ်ပါပြီ၊ ဟုတ်နေပါပြီ
ထမင်းဝတော့ တီဗွီလေးဘာလေး ကြည့်ပေါ့
ဘယ်ကနေဘယ်လို
မော်ဒယ်ဖက်ရှင်လိုင်း ရောက်လို့ ရောက်သွားမှန်း မသိ သတိဝင်လာတော့
ငါ့အတွက် ဒါ အရေးကြီးတာပဲ
ကဲ၊ ကဲ ကဲ
နေဝင်ပြီ။
လမ်းမီးတွေ လင်းပြီ
စားဖွယ်ဆိုင်တွေလည်း လင်းပြီ၊ ညမှ ဖွင့်တဲ့ ဆိုင်တွေလည်း ဖွင့်ပြီ မီးရောင်မှာ
ပိုးကောင်တွေ ယောက်ယက်ခပ် နေပြီ
နောက်မှ ခံစား၊ နောက်မှ စဉ်းစား
‘ဘယ်လိုလဲ ခေါ်မှာလား မြန်မြန်’ တဲ့
ဘယ်လိုလဲ။

မောင်ယုပိုင်
တီဗီဖန်သားပြင်ကြီးဖွင့်လျက်
၂၀၀၉၊ ဇွန်၊ နှစ်ကာလများ။

နောက်ထပ်နေ့များ

တကယ်တော့ ချာလီချက်ပလင်နဲ့ မပြီးဘူး
တကယ်တော့ ကတ်ကိုဘိန်းနဲ့
အိလိယော့နဲ့ ပေါင်းနဲ့
မပြီးသေးသော နေ့များအတွက်
မီးစင်ကြည့် ကယူရတယ်။
မီးခွက်ထွန်း ရှာယူရတယ်။
နောက်ထပ်ဂျိန်းစဘွန်းကို ဘယ်လိုတင်ပြမလဲ
ဘယ်လိုတင်ပြသွားသလဲ၊
နောက်ထပ်
သမိုင်းရဲ့ နိဒါန်းကိုဘယ်လိုစကြမလဲ။

ဒီဘဝဟာ အဆုံးရှိတာတော့ သေချာပြီ၊
ပင့်ကူတွေထွက်လာလည်း အခန်းရှင်းရမှာပဲ၊
ကြောင်တွေတက်နင်းမိလည်း အပြင်ထွက်ရမှာပဲ။

တစ်နာရီမိုင် ၁၂၀ နဲ့ ငါတို့ဆီသေချာနေပြီဖြစ်ကြောင်း အထူးသတင်း
ထုတ်လွှင့်နေတယ်။

တီဗွီဖန်သားပြင်ကြီးဖွင့်လျက်တန်းလန်း
ညကြီးမင်းကြီး ထပြီးထိုင်နေ
တစ္ဆေက ဘယ်လိုနေလဲ။

မောင်ယုပိုင်
တီဗီဖန်သားပြင်ကြီးဖွင့်လျက်
၂၀၀၉၊ ဇွန်၊ နှစ်ကာလများ။

နေ့များ

စောစောစီးစီး
ချာလီချက်ပလင် ကြည့်ပြီးပြီ
သူ့ထက် ပိုရယ်စရာကောင်းလည်း သူ့လောက်
မရယ်ချင်တော့ဘူး။

စကြဝဠာအစ
လူ့ဘဝရဲ့အဆုံး
အခန်းထဲမှာ အံဆွဲတွေအားလုံး ဖွင့်လျက်တန်းလန်း
အခန်းရှင်းရင် ပင့်ကူတွေ ထွက်လာမယ့်အခန်း
အပြင်ထွက်ရင် ကြောင်တွေတက်နင်းမိမယ့်အခန်း။

ဘတ်စ်ကားတစ်စီး ဗုံးဖောက်ခွဲခံရ
ကင်ဆာအမြစ်ပွား
သက်ရှိတို့၏ ဖိုမသဘာဝ
ခွေးအလှပြိုင်ပွဲ
လှေခါးထစ်တက်နိုင်သော စက်ရုပ်
အပိုင်း ၂၃ အခန်းဆက် စုံထောက်ဇာတ်လမ်းတွဲ
ပိုမိုပူနွေးလာသော ကမ္ဘာမြေ
အဲဒီ တီဗွီဖန်သားပြင်ကြီး ဖွင့်လျက်တန်းလန်း
သူ အိပ်မောကျသွားပြန်ရော ။ ။

မောင်ယုပိုင်
စတိုင်သစ်၊ ၂၀၀၄ မေ
အဲဒီကျွန်းမြို့လေးမှာမြေပုံအပြောင်းအလဲနဲ့
၂၀၀၇၊ ဖေဖော်ဝါရီ၊ နှစ်ကာလများ။

Sep 20, 2009

ဒီကိစ္စနဲ့ပတ်သက်လို့

ကြိုတင်ကြံစည်ထားခြင်းမရှိ
ရှင်းပြစရာစာရင်းမရှိအင်းမရှိ
အမှတ်မထင်ဖြစ်သွားတာလည်းရှိ
အမှတ်မထင်ပျက်သွားတာလည်းရှိ
ဒါနိမိတ်ပုံ
ဒါသင်္ကေတ
ဒါကတော့အင်မတန်သတိဝီရိယကြီးလိုသာပေါ့ခင်ဗျာ
ဒါကတော့လျင်လို့သာပေါ့ခင်ဗျာ
ကိုယ့်စာမျက်နှာပေါ်မှာကိုယ်
တစ်ကြောင်းပြီးတစ်ကြောင်း
သွေးသားတို့စကားလုံးတွေနောက်အလွန်အကျွံလိုက်မိတော့
ဘယ်သူ့နောက်ကိုမှ အလွန်အကျွံလိုက်သင့်မလိုက်သင့်
စဉ်းစဉ်းစားစားကျောက်မီးသွေးတွင်းတူးအလုပ်သမားများလို
အသက်အန္တရာယ်နဲ့ နီးနီးနားနား
လုပ်ငန်းခွင်အန္တရာယ်တွေနဲ့
အမြဲတွေ့ကြုံနေရလျက်
မှတ်တမ်းတင်ထား
စစ်မြေပြင်သတင်းထောက်ကလည်းသီးသန့်
ကျော်ကြားသူတို့ အတွင်းရေးများကလည်းသီးသန့်
ဒီလိုဘဲ
ရင်သားအလှပြင်နည်းလည်းလိုအပ်
ပြန်လည်ဖြိုဖျက်လေ့လာနည်းလည်းလိုအပ်
သိပ္ပံနည်းကျ အသက်ရှင်နေထိုင်နည်းလမ်းလည်းလိုအပ်
အရေးကြီးတာက
ဆက်သွယ်မှုဧရိယာပြင်ပရောက်ရှိမနေဖို့
စက်ပိတ်ထားခြင်းမပြုလုပ်ဖို့။ ။

ကြည်ဇော်အေး
ပထဝီအနေအထား၊ ၂၀၀၉၊ ဇွန်လ၊ ပထမအကြိမ်။

ပန်ကြားချက် / ပြန်ကြားချက်

လူတိုင်းသိပြီးသား ကိစ္စတွေ မပြောတော့ပါဘူး
ဘယ်သူမှ မသိသေးတာတွေလည်း ပြောမနေတော့ပါဘူး
တော်လောက်ရောပေါ့။ ။
အချစ်တို့ ခေတ်တို့
ဘယ်သူမှသိတာမှ မဟုတ်တာ
တော်လောက်ရောပေါ့
တော်ရောပေါ့။ ။

ကြည်ဇော်အေး
ပထဝီအနေအထား၊ ၂၀၀၉၊ ဇွန်လ၊ ပထမအကြိမ်။

ဆွေးပေါ့မင်းတို့ငါတို့သည်လည်း

အစာစားရင်း
အစာဟောင်းစွန့်ရင်း
ချာချာလည်ရင်း
မင်းတို့ငါတို့သည်လည်း
ပေါ့ပေါ့နေပေါ့ပေါ့စားလမ်းများဆီအလုအယက်
ပေါ့ပေါ့နေပေါ့ပေါ့စား အိပ်ယာများဆီအလုအယက်
ပေါ့ပေါ့နေပေါ့ပေါ့စား သင်တန်းများဆီ အလုအယက်
မင်းတို့ငါတို့သည်လည်း
ဘာလုပ်ရမှန်းမသိ မှောက်ချည်လှန်ချည်ဆိုတော့
အဆွေးသမားတစ်ယောက်ဖြစ်ဖို့အမြဲအဆင်သင့်ဖြစ်နေတဲ့
ရာသီဥတုမှာ ဆွေးပေါ့
ပထွေးနှိပ်စက်လို့ပါ ဆိုတဲ့ကလေးမလောက်တောင်
ဈေးခေါ်လို့မကောင်းတော့ဆွေးပေါ့
အမှုတစ်ရာနှစ်ရာမက
အမှုဆိုတာ ဆွေးတယ်မရှိဆိုတော့ ထပ်ဆွေးပေါ့
မင်းတို့ငါတို့သည်လည်း
ဆွေးပေါ့အဝတ်အထည်များနှင့် အတူတကွ
ဆွေးပေါ့စာချုပ်စာတမ်းများနှင့် အတူတကွ
ဆွေးပေါ့သွေးကျဆေးပြားများနှင့် အတူတကွ
သွေးတို့သည်လည်းစွေးစွေးနီခဲ့လေတော့ ထပ်ဆွေးပေါ့
မင်းတို့ငါတို့သည်လည်း
ဦးဆွေးဆံမြေ့သစ္စာစောင့်သိခဲ့ရတော့
အရိုးလည်းဆွေးပေါ့
ဆွေးလို့သေတဲ့မသာဆိုတာမရှိသေးတော့
ဆွေးလို့သေတဲ့မသာရှိလာတဲ့အထိ အဆွေးကြီးဆွေးပေါ့
မင်းတို့ငါတို့သည်လည်း
ဆွေးနေတဲ့ သီချင်းများကို နားထောင်ရင်း
ဆွေးနေတဲ့ ကြမ်းများကို နင်းကြရင်း
ဆွေးနေတဲ့ ဓားများကိုသွေးကြရင်း။ ။

ကြည်ဇော်အေး
စတိုင်သစ်မဂ္ဂဇင်း၊ ၂၀၀၇။
ပထဝီအနေအထား၊ ၂၀၀၉၊ ဇွန်လ၊ ပထမအကြိမ်။

ကျွန်တော်တို့ရောက်ရှိနေတဲ့အရွယ်

လေကောင်းလေသန့်နဲ့
နေရောင်ခြည်လုံလုံလောက်လောက်ရရှိရေးဆိုတာတွေအပြင်
အရေးဆိုချင်တာတွေအများအပြားနဲ့အရွယ်
လမ်းပေါ်မှာပျော်တဲ့အရွယ်
အိမ်ပေါ်ကဆင်းတဲ့အရွယ်
ပြဿနာရှာတဲ့အရွယ်
နံရံကို လက်သီးနဲ့ထိုးခဲ့ဖူးတဲ့အရွယ်
အထ္ထုပ္ပတ္တိတွေခါးကြားထိုးခဲ့ဖူးတဲ့အရွယ်
လက်မောင်းမှာ ဆေးမှင်ကြောင်ထိုးချင်တဲ့အရွယ်
သွေးသားဟာ
ဆေးဝါးတွေနဲ့ယဉ်ပါးစပြုတဲ့အရွယ်
မိန်းမတွေနဲ့ ယဉ်ပါးစပြုတဲ့အရွယ်
ရှို့လိုက်ရင် မီးလောင်တဲ့အရွယ်
ကမ္ဘာပါတ်ချင်တဲ့အရွယ်
တိုင်ပါတ်နေတဲ့အရွယ်
မြွေဖမ်းချင်တဲ့အရွယ်
သူများပိုက်ဆံတွေနဲ့ ပတ်သက်ခဲ့ဖူးတဲ့အရွယ်
ကုန်တင်ကုန်ချတွေနဲ့ ပတ်သက်ခဲ့ဖူးတဲ့အရွယ်
ရေနံတွင်းတွေနဲ့ ပတ်သက်ခဲ့ဖူးတဲ့အရွယ်
သံသရာလည်ခြင်းကို
ရထားတစ်စင်းနဲ့ ပမာပြုတာလောက်တော့
ဟားတိုက်ပစ်ခဲ့ဖူးတဲ့အရွယ်
ဘုရားအလောင်းသင်္ဘောသားသင်္ဘောပျက်သလို
လောကကိုလက်ပစ်ကူးနေတဲ့အရွယ်
သွေးရူးသွေးတန်းအရွယ်
ခုကျွန်တော်တို့ ရောက်ရှိနေတဲ့အရွယ်
ခုခင်ဗျားတို့ ရောက်ရှိနေတဲ့အရွယ်။ ။

ကြည်ဇော်အေး
မဟေသီမဂ္ဂဇင်း၊ ၂၀၀၇။
ပထဝီအနေအထား၊ ၂၀၀၉၊ ဇွန်လ၊ ပထမအကြိမ်။

မပြောကောင်းမဆိုကောင်း

စကြဝဠာအပြင်ဘက်မှာတော့ ဆန်းကြယ်
စကြဝဠာအတွင်းဘက်မှာတော့ အကုန်အကျများပြား
ခွေးသွားစိတ်များ အငြိုးတကြီးလည်ပတ်လျက်
လေပြင်းများထဲ
လေပြင်းများမျောပါလျက်။
ဂြိုဟ်သားတွေထက်ပို၍ပင်ကြောက်မက်ဖွယ်
နာနာဘာဝတွေထက် ပို၍ပင်ကြောက်မက်ဖွယ်
နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခုထက်
ပေါင်မုန့်ဖုတ်စက်ကလေးတစ်လုံးသာ ပို၍လိုအပ်လျက်။
အဆုံးစီရင်သွားတဲ့ အနုပညာပစ္စည်းများလည်းများလေတယ်
အစပျောက်သွားတဲ့ အနုပညာပစ္စည်းများလည်းများလေတယ်
ဆိုပါတော့
နေချင်တဲ့ လူကတစ်ယောက်
သေချင်တဲ့ လူကတစ်ယောက်။ ။

ကြည်ဇော်အေး
ပန်းအလင်္ကာမဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၆။
ပထဝီအနေအထား၊ ၂၀၀၉၊ ဇွန်လ၊ ပထမအကြိမ်။

ကစဥ့်ကလျား

နေနဲ့အနီးဆုံး ဂြိုဟ်မှာလို
အရည်ပျော်မတတ်
မြွေလို
အရေခွံ တစ်ခုပြီးတစ်ခု
အင်္ကျီတစ်ထည်ပြီးတစ်ထည်
အိပ်ယာတစ်ခုပြီးတစ်ခု
စိတ်ရောဂါဟာ
ပလိပ်ရောဂါလို
ကိုယ်ဟန်ပြမယ်တွေအကြောင်း ရောက်လိုက်
ပုံတူမျိုးပွားသတ္တဝါတွေအကြောင်း ရောက်လိုက်
အပေါင်းအသင်းတွေလည်း အသောက်အစားမကင်းတော့
ကိုယ်လည်းထို့အတူ။
သန်းတွေဟာ
အလုပ်သမားတွေလို တရွရွ
ကိုယ့်ဘဝနဲ့ကိုယ်
တဖွဖွ။ ။

ကြည်ဇော်အေး
ဖက်ရှင်မဂ္ဂဇင်း၊ မတ်၊ ၂၀၀၆။
ပထဝီအနေအထား၊ ၂၀၀၉၊ ဇွန်လ၊ ပထမအကြိမ်။

အရေးတကြီး

မြန်မြန်
အလင်းရဲ့ အလျင်နဲ့သွားလို့
မြန်မြန်
စိတ်ရဲ့ အလျင်နဲ့သွားလို့
စိုးရိမ်ရေမှတ်ဟာ
ပုရွက်ဆိတ်တွေလို တရွရွတက်လာပါတယ်
လင့်စင်ပေါ်မှ
အဆင်သင့်မုဆိုး
အဆင်သင့်သားကောင်
အခြေအနေဟာ
ယုန်ကလေးလို နားရွက်ထောင်လို့။
ဝမ်းနည်းစွာ လျှောက်သွားတယ်
ဘီယာဆိုင်တွေရောက်တယ်
ဟိုအိမ်ဒီအိမ်တွေရောက်တယ်
အဆင်မပြေပါ။
ဝမ်းနည်းစွာ သံကုန်ဟစ်တယ်
ဘယ်သူမှ မကြားပါ။
မြန်မြန်
အသံထက်မြန်တဲ့ခရီးစဉ်လို။
မြန်မြန်
ကျည်ဆန်တစ်တောင့်ရဲ့ ခရီးစဉ်လို။
ခက်တာက
ကိုယ့်ပိုက်ဆံနဲ့ကိုယ်
လောကကိုကျေးဇူးတင်နေရတာပဲ။ ။

ကြည်ဇော်အေး
ဟန်သစ်မဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၂၀၀၅။
ပထဝီအနေအထား၊ ၂၀၀၉၊ ဇွန်လ၊ ပထမအကြိမ်။

Sep 18, 2009

တွေ့ရ တွေးရ

အရက်တစ်ခွက်လောက်တောင် အရသာမရှိတဲ့အရာတွေကတော့ အများကြီးပါပဲ
ဒီခွက်နဲ့သောက်ရတာမကောင်းလို့ ဟိုခွက်နဲ့ပြောင်းသောက်ကြည့်တော့လည်း
ဟိုခွက်ထဲမှာလည်း ဒီခွက်ထဲကလို မကောင်းတာတွေအများကြီးပါပဲ

စိတ်ညစ်လို့ သပွတ်အူဘေးသွားထိုင်တော့ မြစ်ကမ်းပါးကြီးကပေါလောမျောလာ
မစင်တာတွေရော စင်တာတွေရော ခုတစ်လော ဖတ်ဖတ်နေရတယ်မို့လား
ဖတ်ဖတ်မောလာတော့
ဟိုပုလင်းကိုသောက်ရတာအဆင်မပြေလို့ ဒီပုလင်းပြောင်းသောက်ကြည့်တော့လည်း
ဒီပုလင်းထဲမှာလည်း ဟိုပုလင်းထဲကလို အဆင်မပြေတာတွေ အများကြီးပဲ

မဖြစ်ထွန်းတဲ့ ညစ်တွန်းတွေနဲ့လည်း တွေ့ရတွေးရ
ငါပြောသမျှ အမှန်ဝါဒတွေနဲ့လည်း တွေ့ရတွေးရ
ကြက်ခွေးတောက်ကို အရသာမတွေ့လို့
ဝက်ခေါင်းသုပ်ဆိုတာလည်း
ကြက်ခွေးတောက်လိုအရသာမရှိတာတွေ အများကြီးပါ
ခါဇန်ဘူတာရုံတွင် ဖြစ်ပျက်ခဲ့ပုံကိုကား ပြောပင်မပြောချင်တော့ပါ
သို့ရာတွင်…
ဘယ်နေရာမှာပဲဖြစ်ဖြစ် ပလိပ်ရောဂါသည် ပလိပ်ရောဂါသာဖြစ်ပါသည်။
ကျွန်တော်သည် ပလိပ်ရောဂါကို ဘာစီလိုနာတွင် မြင်ခဲ့ဖူးပါပြီ။ ပါရမီတွင် မြင်ခဲ့ဖူးပါပြီ။
ထိုစဉ်ကမူ ကျွန်တော့စိတ်သည် စာပေမှာထက် တခြားသို့ရောက်ရောက်နေပါသည်။
အခြားမဟုတ်ပါ။ ပျောက်သွားသော မုတ်ဆိတ်ရိတ်ဓားဆီသို့သာ စိတ်ရောက်နေပါသည်။

ကြည်ဇော်အေး
ရယ်စရာမဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၀၉။

ပကတိအဖြူ

ယာယီရှုံးနိမ့်သွားတဲ့ အမှန်တရားဟာ
ယုတ်ညံ့တဲ့အောင်ပွဲထက် စွမ်းအားပိုရှိပါတယ်။
မာတင်လူသာကင်း
၁၉၆၄


အဖြူနဲ့အမည်း
အမှောင်နဲ့အလင်း
တိုက်ပွဲတွင်းက
မာတင်လူသာကင်းဆိုတဲ့ လူစွမ်းကောင်း
ပေါ်ထွန်းခဲ့တယ်။
အတိတ်စကား
အတိတ်ကားလည်း
လှုပ်ရှားသက်ဝင်
ရာဇဝင်မှာ
အားအင်မာန်တင်း
စိတ်သစ္စာသွင်းတယ်
ရန်သူ့ထမင်းနဲ့
ငါမကြီးပြင်းလို
မင်းရဲကျော်စွာ
ရာဇဝင်ကမ္ဗည်းထိုးခဲ့တယ်။
ငြိမ်းချမ်းရေးနဲ့ အမှန်တရား
သေခြင်းမဲ့ အမတတရား
သက္ကရာဇ်ရထားက တင်ဆောင်သွား။

အောင်ဘညို
ရယ်စရာမဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၀၉။

သွေးပူလေ့ကျင့်ခန်း

ချွေးထွက်မှ
သွေးထွက်နည်းမယ့် ရာသီဥတု။
နေပူက စောင့်ပါတယ်
ငရဲမှ စောင့်ပါတယ်။
ဘုရားတ
မေတ္တာပို့
အသက်အောင့်ရင်းထားခဲ့တဲ့နေ့တွေ။
ပေါင်မုန့်ကြောင့် အရေးတကြီး
ပေါင်မုန့်ကြောင့် နွမ်းနွမ်းလျလျ
ပေါင်မုန့်ကြောင့် ရှုးရှုးရှဲရှဲ။
မညံ့တဲ့ခေတ်မို့
ကဗျာရေးပါတယ်
နေပူကစောင့်ပါတယ်။

တင်လတ်ကို
ရယ်စရာမဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၀၉။

Sep 8, 2009

မဆုံးသေးတဲ့ကဗျာ

ကိုယ့်ဦးခေါင်းကိုယ်
နှစ်များစွာ မီးဆေးခဲ့ပြီးသား
ဖြတ်ခနဲ စက္ကန့်မှာတောင်
နောက်ကြောင်းပြန် ခေါင်းမြိတ်ချုံလိုက်ဖို့
အရိပ်မထင်ခဲ့ဘူး
ငါပြီးရင် ငါ့သားက
ငါရောက်တဲ့နေရာကနေ
ဆက်ထွင်းဦးမှာပဲ
ဇာတ်လမ်းက ဒီမှာတင် ရပ်သွားတာမှ မဟုတ်ဘဲ။

လွှမ်းရုံ
ပိတောက်ပွင့်သစ်၊ အမှတ် (၂၅)၊ ဇူလိုင်၊ ၂၀၀၉။

အလှန်

တစ်ကိုယ်စာ စွတ်ရုံလေးအတွက်
တိမ်တွေကို
မျက်နှာချိုမသွေးခဲ့ပါ။

ခုလည်း
မော့ကြည့်ရုံလေးကြည့်မိတာပါ။
ပြိုလဲလု စိုက်ပင်တွေ
နလံထားဖို့အရေး
အားမွေးနေတဲ့
အဖျားသည်မြေဇာငုတ်တွေ
အဲဒါတွေဘေးနားက
ပတ်ကြားအက်ကို အားနာလို့။

စံကောင်း
ပိတောက်ပွင့်သစ်၊ အမှတ် (၂၅)၊ ဇူလိုင်၊ ၂၀၀၉။

သမီးရေ

ရွှေတွေငွေတွေမှာ
ကြွေတတ်တဲ့ အညှာပါနေသတဲ့
အပြန်အလှန်ပေးဆပ်မှ
အမြတ်ရနိုင်တဲ့ လောကကြီးပါကွဲ့။
ဇွန်ပန်းရုံအနီးက
ရွှံ့ဗွက်ကြီးကိုဖို့ပါ
အတိတ်ကံ၊ အမှန်တရားနဲ့
ရိုးသားခြင်းကို ယုံပါ
ခမ်းခမ်းနားနား ချစ်ပါ
စစ်စစ်ပေါက်ပေါက် လွမ်းပါ
တစ်စုံတစ်ယောက်က
လက်ဆုပ်လက်ကိုင် မပေးဘဲ
သဲတစ်မှုန်
ဖုန်တစ်မြူ
အလကား မယူမိပါစေနဲ့
လူဆိုတာ အညွန့်တလူလူနဲ့နေသမို့
လူလို့ခေါ်တာ မဟုတ်လား
ရိုးသားရဲရင့်တည်ကြည်သူတွေဆိုတာ
ပုံပြင်တွေထဲမှာသာ ရှိတာ မဟုတ်ပါဘူးကွယ်။
(သမီးကြီး ဖူးဖူးမွန်သို့)

မောင်စိမ်းသစ်
ရုပ်ရှင်တေးကဗျာ၊ အောက်တိုဘာ၊ ၂၀၀၉။

လက်ပူးလက်ကြပ်

လိုအင်ဆန္ဒတွေသာ မိုးစက်များဖြစ်ခဲ့ရင်
ငါ့ဆင်ခြင်တုံကန်သင်းတွေ ကျိုးလောက်ရဲ့
ဖူးတော့မလား ငုံတော့မလား
မပွင့်လန်းရသေးဘူး ခူးလက်တပြင်ပြင်
အိပ်မက်တွေ ကောင်းလွန်းနေလို့
ညကို ဘယ်လိုဆွဲဆန့်ရမလဲ
ဟောဒီနှလုံးသားပေါ် ပြုတ်ကျခဲ့တာ
စမ်းရေတစ်စက်လား မီးပွားတစ်ပွင့်လား
ချိုချဉ်ဖန်ခါး ဘာလဲ တွေးမနေတော့ဘူး
ဥတုသုံးပါးလုံး တစက်စက် စိမ့်ယိုခဲ့တယ်
ဘယ်တော့မှ ခန်းမသွေးနိုင်တဲ့
မွေးရာပါ အိုးအအက်တစ်လုံးနဲ့
ငါ့ခမျာ ရယ်ကျဲကျဲ…။ ။

တိုးဝေ
မဟေသီ၊ စက်တင်ဘာ၊ ၂၀၀၉

ဒေါက်တာဇီဗားဂိုး

ငါမှီနေတဲ့နံရံက
သေနတ်ပြောင်းဝထွက်လာမလား
ရေခဲဖုံးမြေမှာ
မြှုပ်ထားတဲ့အာလူးတွင်းကိုရှာဖို့လွယ်ပါ့မလား
မနေ့က တောင်ကုန်းပေါ်မှဝံပုလွေတစ်ကောင်
ဒီနေ့ညနေ နှစ်ကောင်
ကလေးတွေဟာ ချက်ချင်း
လူကြီးစကားပြောလာကြတယ်
ဘုရားသခင်ကို တွေ့ချင်တွေ့မယ်
တစ်ယောက်ကိုတစ်ယောက် တွေ့ဖို့ကမလွယ်တော့ဘူး
မင်းဟာ ငါ့အသက်ဂျုံနဲ့ဖုတ်ခဲ့ရတဲ့ပေါင်မုန့်မို့
မဖဲ့ရက်ဘူး လာရာ…။
(ဝတ္ထုခံစားချက်)

ပိုင်
မဟေသီ၊ သြဂုတ်၊ ၂၀၀၉

ဂန္တဝင်တေး

နှစ်ပေါင်းများစွာ
လက်ဆင့်ကမ်းဟစ်ကြွေးခဲ့ရ
ဒီစာသား
ဒီသံစဉ်
စီးဆင်းမှုအားကောင်းခဲ့…

ကဲ သား
ဆိုကြည့်စမ်း
သီချင်းက မင်းလက်ထဲမှာ…။

အောင်ဘညို
Beauty၊ ဇူလိုင်၊ ၂၀၀၉

Jul 15, 2009

နှလုံးအိမ်ထဲရေငတ်ခြင်း

ငါ့လျှာမှထွန်ကြောင်းအရစ်ရစ်
တစစ်စစ်နာကျင်ဖူးယောင်
အိပ်မက်တွင်ပင် သောင်ထွန်းလာသည့်အဆုံး
မြစ်ရေလုံးလုံးခန်းပြီ။

နှုတ်ခမ်းမွေးထောင်ထောင်
နှာယောင်ကောက်မျက်လုံးပြူးပြူး
ဆူးတောင်နှင့် အသံမှုံဝါးဝါး
ပရစ်များတွားတက်လာတယ်။

သံယောဇဉ်ကြိုးတစ်စ
အမှိုက်တစ်ပုံ
သပွတ်အူတို့ တွေ့ဆုံပေါင်းစည်းသောည
ပါးစပ်လှလှလေး ဖွင့်ဟသောအခါ
ငါ့အတ္တဟာရူးသွပ်ပြေးထွက်လာရဲ့။

လူခြေတိတ်လျှင်
အိပ်ခြင်းကိုအောင်နိုင်သူ
ပြိုကွဲပူလောင်ရာသွေးစများကိုနင်း၍
ကိုယ့်ကျင်းကိုယ်တိုင်တူး
တွင်းနဖူးမှာညစဉ်ရပ်ခဲ့ပေါ့။

မပင့်ဖိတ်သော
အရိပ်ပေါင်းစုံတို့၏ အစည်းအဝေး
ဆွေးနွေးသံများခြိမ်းခြောက်
မျက်လုံးဟောက်ပက် လောက်တဖွားဖွား
အပူတိုင်းကိရိယာများ ကျွမ်းသွားပြီ။

မွတ်သိပ်ခြင်း၏ ဒုတိယအမည်
အက်ကွဲရယ်သံဖြင့်သာ အသက်ရှင်သူ
ငါ့ပုံတူတစ်ခု၏ ဦးခေါင်းကိုဖွင့်
ပင့်သက်များအငွေ့ပျံ
ခါတစ်ရံ မိုးရွာစေသတည်း။ ။

ဖော်ဝေး
၁၀-၅-၇၅
မိုးဝေ၊ ၁၉၇၈၊ သြဂုတ်။
ဖော်ဝေးငှက်များ ပျံသန်းချိန်။
ပကြိမ်၊ ၂၀၀၄၊ အောက်တိုဘာ။ နှစ်ကာလများ။

Jul 7, 2009

ဒုက္ခယန္တရား

(၁)
ငါတွေးတယ်
ဒါကြောင့်
ငါမှားတယ်
ငါ စက်ရုံက ထုတ်လုပ်လိုက်သမျှဟာ
အဆိပ်သင့်ပစ္စည်းတွေသာ များ။

ငါ့ကို အော့အန်စေတာ
ဘကာဒီရမ်မဟုတ်ဘူး
ကျေးဇူးတရားဆိုလား
အဲဒီ အော်ဂလီဆန်စရာကြောင့်ပါလား။

ငါတို့ရဲ့ အခက်အခဲကို
အရက်နဲ့ မြည်းလိုမြည်း
ဟာသပြဇာတ်လို ထိုင်ဟားလို ဟား
ကိုယ့်အသားကို ကိုယ်ပြန်ကိုက်စားသလို
သွေးအေးအေး ဖောက်ပြန်
ဣနြေ္ဒရရကောက်ကျစ်
စိတ်ဓာတ်က ကျပ်မပြည့်သူတွေများ
ဒီမစင်ဘင်ပုပ်တွေအလယ်မှာ
လောက်လန်းသဖွယ် ဝိညာဉ်တွယ်ခဲ့ရအကြိမ်ကြိမ်
ဘဝအိုးအိမ်တွေ အခါခါပြောင်း။

ရင်တစ်ချက်ခုန်တိုင်း
ရိုင်းစိုင်းမှုက များသထက် များ
မှားယွင်းမှုက ပွားသထက် ပွား
အမှန်တရားက ဝေးသထက် ဝေး
အေး…
ချိုင်းကြားမှာ ရေမွှေးတွေ ဖျန်းပက်
မျက်ခွက်ကို မျက်နှာချေတွေနဲ့ ဖို့
ဂျင်းဘောင်းဘီတွေ ဘာတွေဝတ်
(ဒီလိုနဲ့) လောကီဘုံအနှမ်းရဲ့သီချင်းမဆုံးနိုင်ဘု
အိုကွာ… ပျင်းမုန်းဖို့ကောင်း။

(၂)
လည်ပင်းအောက် အစပ်နားကနေ
ရက်ဘတ်ကို ဂျက်ကက်ဇစ်တစ်ခုလို ခပ်ကြမ်းကြမ်းဆွဲဖွင့်
(ကဲ… ကြည့်ကြပေတော့)
မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာဖုံးအောက်မှာ
အာဂါသာခရစ္စတီ ကြွက်ထောင်ချောက်နဲ့
ဟစ္စတီးရီးယား ရောဂါသည်တစ်ယောက်
မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာဖုံးအောက်မှာ
ကွန်ပျူတာဂိမ်း ခလုတ်ခုံ
ကမ္ဘာပတ်လမ်းကြောင်းက ပြုတ်ကျလာတဲ့ ခေါင်းခွံ
မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာဖုံးအောက်မှာ
စတော့ဈေးကွက်သတင်း
မင်းလက်ကလေးကို ကိုင်စမ်းချင်တယ်အော်သံ
မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာဖုံးအောက်မှာ
ကြောက်လန့်တကြား ဆုတောင်းခြင်းများ
မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာဖုံးအောက်မှာ
အသည်းကွဲတာ ဘာအရေးလဲ
ဒီမှာ ဦးနှောက် ဟက်တက်ကြီးကွဲလို့တဲ့
မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာဖုံးအောက်မှာ
ခက်နေတာက
နောက်မျက်နှာဖုံးတပ်ထားတဲ့
မျက်နှာဖုံးတစ်ခုက ရှိနေပြန်တယ်
အဲဒီ မျက်နှာဖုံးတပ်ထားတဲ့ မျက်နှာဖုံးအောက်မှာ
ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ရတော့မလားတဲ့
ငါသောက်တဲ့ ဝိုင်က ခါးလှချည့်
နေဦး… နေဦး…
ဒါကိုပဲ ငါစွဲနေမိသေးတော့။

(၃)
မကောင်းမှုကို ဖုံးကွယ်ဖို့ရာ
ငါ့မှာ ဒိုင်ယာရီမရှိ
ငါကျွေးထားတဲ့ ခွေးလေခွေးလွင့်က
ငါ့လက်ကို ပြန်ကိုက်တဲ့အကြောင်း မှတ်ထားဖို့ရာ
ငါ့မှာ ဒိုင်ယာရီမရှိ
ကောင်းကင်ယံမှာ ဝိညာဉ်ချင်း စီးချင်းထိုးဖို့
ငါ့စိန်ခေါ်ပွဲ စာတမ်းသိမ်းထားစရာ
ငါ့မှာ ဒိုင်ယာရီမရှိ
သဲနဲ့ အိမ်ဆောက်ကြရာ
သဲလို ပြိုပျက်ရမယ် ငါသိ
ဒါကြောင့် ငါ့မှာ ဒိုင်ယာရီမရှိ။

ကမ္ဘာကြီးကို ကောင်းအောင်လုပ်မလို့ဆိုလား
ယောင်မှားပြီး ကျုပ်ကြားမိလိုက်သလား
တော်စမ်းပါ
လောင်မီးကျနေတဲ့ ဘဝတွေကိုပဲ
ပြာကျမသွားအောင် ကြိုးစားကြစမ်းပါဦး
ဟောဒီကမ္ဘာကြီးကိုတော့
သူ့ဘာသူ တစ်ဖက်စောင်းလို့
သွက်သွက်ခါယမ်းနေပါစေတော့။

(၄)
သောက်လိုက်ကြ
သောက်လိုက်ကြ
(အငမ်းမရ) သွေးကြောထဲထိ လောင်းချ
ငါ့ကို ဝိုင်ချိုလို သောက်လိုက်ကြ
(မင်းတို့ မသိကြသေးဘူး မဟုတ်လား)
တကယ်တော့ ငါဟာ အက်ဆစ်ပြင်းတစ်ခွက်သာ ဖြစ်တယ်။

ဘဝရဲ့ ရယ်စရာအဆွေးဇာတ်
ကြားဖြတ်လက်တန်း အစီအစဉ်ခပ်များများ
အနုပညာလို့ခေါ်တဲ့ ရေနဲ့ နာမည်ရေးကြ
နိုးထလို့မရတဲ့ ဘဝဆိုတဲ့ အိပ်မက်ဆိုးကို မက်ကြ
ကိုယ့်အတ္တကို ကိုယ် အရူးအမူး စွဲလမ်းတပ်မက်ကြ
ဟုတ်ယောင်မှု တံလျှပ်တွေ ဖျတ်ခနဲလွင့်ပါးကြ
ပြီးမှ
တစ်ချိန်က ကျောခိုင်းခဲ့တဲ့ လမ်းတလျှောက်
တောင့်တောင့်ကြီး လျှောက်သွားနေကြတော့ရဲ့။

ကွန်ပျူတာပရိုဂရမ်တစ်ခုလို
မင့်အလို လောဘအတိုင်း
ဘဝကို ဆစ်ပိုင်းစီစဉ်စေခိုင်းလို့ ရမယ်များ
ထင်ယောင်မှားခဲ့လေသလား အန္ဓရဲ့
မင်းတို့ ငါတို့ဟာ
မမြင်နိုင်တဲ့ အကြောင်းများရဲ့
အကြွင်းမဲ့ အပြုလုပ်ခံသက်သက်မျှသာ။

မင်းကိုပဲဟေ့
ငါရွံရှာမုန်းတီးနေတာ
ဒါဟာ ငါ့ဘဝရဲ့ ဒစ်ဖရင်ရှယ်တစ်ခုပဲ
ဒါကို ဘယ်လိုသုခုမနဲ့ အင်တီဂရိတ်လုပ်ရပါ့
ဒါပေမဲ့
ဘဝတစ်ခုလုံးကိုယ်၌က အပလိုင်းမဖြစ်တဲ့အခါ
မင်းကို ငါရွံတာထက်
ငါ့ကိုယ်ငါသာ ပိုပြီးရွံရှာနေမိတော့တာ။

(၅)
အဦးအစ၌ ရူးသွပ်ခြင်းအား ဖန်ဆင်း၏။

ဖြစ်တည်ခြင်းကို ရူး
ချုပ်ငြိမ်းခြင်းကို ရူး
ရှင်သန်လိုမှုကို (ပိုလို့မိုက်မဲစွာ) ရူး
ကစားစရာကို ရူး
အချစ်ဆိုတာကို ရူး
ဒင်္ဂါးပြားကို ရူး
စကြဝဠာကို ရူး
အိမ်ရာကို ရူး
နာရီကို ရူး
ဆိုင်းဘုတ်ပြားကို ရူး
နောက်ဘဝတစ်ခုကို ရူး
နောက်ဘဝမဟုတ်တာကို ရူး
တံဆိပ်အမျိုးမျိုး ကပ်ထားပေမယ့်
အရက်က တစ်မျိုးတည်းပါပဲ
ဒီအတ္တလေ
အန္ဓကို မူးယစ်ထုံထိုင်း ရူးသွပ်စေတာ။

ပုဂ္ဂိုလ်တို့
ကိုယ့်လိပ်ပြာမှန်ချပ်မှာ ကိုယ်ပြန်ကြည့်
ကိုယ့်ကိုယ်ကို သိလော့
ဝိပါကအရိပ်ကို ခြေရာဖျောက်
သင် လွတ်မြောက်နိုင်အံ့လော။

(၆)
ကံကြမ္မာဂရပ်ဖ်များ အလိမ်လိမ်
လွဲချော်မှု အကြိမ်ကြိမ်ပ
အတ္တအတွင်းသားမှာ အိမ်ဖွဲ့လို့ လှိုက်စား
ဝိညာဉ်၏အိပ်စက်ခြင်းဖြင့် ခိုနားရာမရခဲ့လေတဲ့
၃၇ကမ္ဘာလို့ ထင်ရလေတဲ့ ၃၇နှစ်တာ
စာတန်ဟာ ရဲဘော်
စာတန်ဟာ ချစ်သူ
စာတန်ဟာ စီးပွားဖက်
အဲဒီလို စာတန်ဟာ ဘယ်နှကိုယ်ခွဲပြီး
တိုက်ခိုက်ခဲ့သလဲ
ဒါနဲ့ပဲ
နာကျင်ရမှန်း မသိတော့လောက်အောင်
ငါ နာကျင်ခဲ့ရလေရဲ့။

အဆွေခင်ပွန်းကောင်းကိုသာ
ရှာဖွေပေါင်းသင်းခဲ့ရာ လမ်းခရီးအဆုံးမှာ
သစ္စာဖောက်တွေချည်းသာ
တွေ့ရှိလိုက်ရလေတော့တာ။

ဒါပါပဲ
လောကီထုပ္ပတ် လူတို့ဇာတ်မှာ
မင်းသား မရှိ
မင်းသမီး မရှိ
သူရဲကောင်း မရှိ
သူတော်စင် မရှိ
ဗီလိန်တွေသာ ပြည့်နှက်နေလေ၏။

(၇)
မျက်နှာသစ် ကြွေဇလုံထဲမှာ
မျက်နှာဖုံးတစ်ခု ပျော်ကျသွားသလို
ငါ့ဘဝတစ်ခုလုံး ဖျော်ချပစ်လိုက်ချင်ရဲ့
ဟန်ဆောင်မှုမှာ ငါ့ခန္ဓာက လေးလံ
ကောက်ကျစ်မှုမှာ ငါ့မော်တာက နှေးကွေး
သြော်… ဒီမာယာဒွန္နယာအလယ်မှာ
ငါဘယ်လိုအသက်ရှင်ရပါ့။

မှားယွင်းမှုအထပ်ထပ်နဲ့ တံကျင်လျှို
ဘဝဆိုတဲ့ ကားစင်ပေါ်ကနေ
ကြေကွဲ (အသံမဲ့)စွာ အော်ဟစ်မိ
ငါ့ကို ဝိမုတ္တိသို့ သယ်ဆောင်ပို့ပါကွဲ့
အို… တစ်ကိုယ်စာလမ်းကျဉ်းငဲ့။ ။
(၁၉၉၁)

ဟန်သစ်၊ ၁၉၉၁၊ ဇူလိုင်။
ကိုယ်တိုင်ရေးပုံတူများ၊ ဝင်းမင်းထွေး။
၂၀၀၇၊ ဧပြီ၊ ပကြိမ်။

Jul 1, 2009

သူလို(လို) ကိုယ်လို(လို)

သီးချိန်တန်သီးဆိုတဲ့ ချိန်သီးကို
ကိုယ့်လက်နဲ့ကိုယ်ရွှေ့ ကိုယ်ဝန်တစ်လကျော်ပွင့်ပြီးမှ
ချိန်ထားတဲ့အချိန်နဲ့တန်လိုက်ကြရသလို
အိမ်ထောင်ကို လက်တွေ့မှာ မိန်းမထဘီနားဦးစီးရသလား
ဘယ်သမိုင်းကပေးမှန်းမသိ တာဝန်ကိုလွှဲပြောင်းယူထားသလား
ဘဝဆိုတဲ့တိုက်ပွဲမှာ ရန်သူဘယ်သူမှန်းသိရဲ့လား
ကိုယ့်ရုပ်ကိုယ်မှန်ထဲ ပြန်မကြည့်
မူးယစ်သောက်စားရခြင်းအကြောင်း ခေါင်းစဉ်ရှာ အလွယ်ကလေးရှိ
ပြစ်မှုကြီးငယ် ကျူးလွန်ပြီးရင်
လျှောက်လဲချေပစရာ ကျမ်းတစ်ပုံတစ်ပင်
ကိုယ်ထင်ရာ ကုတင်ရွှေနန်းဖြစ်ကြောင်း
အပြည့်အဝထောက်ခံထားတဲ့ အလိမ္မာစာမှာရှိပြီးသား
စပီကင်သင်တယ်၊ ကွန်ပျူတာကျွမ်းတယ်
အပြင်ထွက်မယ် ငွေပို့မယ်
.…မယ်၊….မယ်၊….မယ်
နောက်တော့ ခလုတ်ထိမယ်ဆူးငြိမယ်
ပြီးရင် မိဘမေတ္တာကို အထူးသိတတ်လာမယ်
ဇာတိချက်ကြွေပဲ အေးချမ်းပါတယ်
မိရိုးဖလာလုပ်ငန်းသာ အကောင်းဆုံးဖြစ်ပါတယ်
အဲ ဒါပေမယ့် ပျင်းတောင်ပျင်းသေးတယ်
နွားပျိုသန်လှ နွားအိုပေါင်ကျိုးပဲ
ယောက်ျားတို့လုံ့လ သေခါမှလျှော့ပဲ
လောလောဆယ်
လေနေတယ် နားထားတယ် ဘာဖြစ်တယ် ညာဖြစ်တယ်
အေးဆေးမှ ပြန်ရွေ့မယ်။

မောင်ယုပိုင်
တီဗီဖန်သားပြင်ကြီးဖွင့်လျက်
၂၀၀၉၊ ဇွန်၊ နှစ်ကာလများ။

ကို(ကိုယ်)လူပျို

ကိုယ့်အဖြစ်ကလည်း မလွယ်ဘူး
ဒင်းကလေး အရေးပေးလိုက်တဲ့အခါ
ကိုယ်ကြည်နူးမိတယ်၊ ဒင်းကလေး ဆိုတဲ့နေရာမှာ
ဖြူဖြူချောချော ငယ်ငယ်လှလှလေးပဲပေါ့၊ သဘောထားချင်းက
နောက်မှ တိုက်ဆိုင်၊ အကျင့်စာရိတ္တလေးက နောက်မှ ကောင်းမွန်
သူ့နောက်ကြောင်းကို နောက်ရွှေ့ထား
ကိုယ်တို့ ပြောနေသမျှ ပြုနေသမျှ၊ ဆိုင်ကယ်ကို
အိပ်ဇောဖြုတ်မောင်းခဲ့သမျှ၊ ဘုရားလူကြီးလုပ် ရှေ့ဆုံးက ဝတ်ဖြူ
စင်ကြယ်ခဲ့သမျှ၊
လိုင်ဘီဒိုဥာဉ်မှာ အခြေခံတယ်ဆိုလား
ကိုယ် ရုပ်ကြမ်းကြီးနဲ့ နွဲ့ခဲ့ပြီ
ကိုယ် လျှာရိုး မဲ့ခဲ့ပြီ
ကိုယ် ဒိုင်ယာလော့တွေ လွှတ်ကောင်းခဲ့ပြီ
ကိုယ်မခုပ်တတ်ကြောင်း ကြောင်ခဲ့ပြီ
ကိုယ့် ယောက်ျားမာယာ ဘယ်နှဖြာမှန်းတောင် မသိတော့ပြီ
ကိုယ် ရယ်စရာထဲက ရယ်စရာတွေပြော၊ ပုံတွေအများကြီးပြော
ဂျာနယ်ထဲက အတင်းအဖျင်းသတင်းတွေ ဖောက်သည်ပြန်ချ
ကိုယ် ခေါင်းလိမ်းဆီအပီလူး၊ မှန်ရှေ့က ခွာမရဖြစ်
အင်္ကျီတွေ တစ်ထည်ပြီးတစ်ထည်၊ အမွှေးနံသာတွေ ဆွတ်ဖြန်း
ရီဝေဝေ/ပြီတီတီ/ညုတုတု/ညို့မျက်ဝန်း/မျက်လုံးရွဲ
ကိုယ်
မျက်လုံးအမျိုးမျိုး ဖြုတ်လဲကြည့်ခဲ့ပြီ
ကိုယ့်’ဘဝ’ကတော့ တကယ်မလွယ်ဘူး

ကိုယ့် ဝမ်းနာနေတာတောင် ကိုယ်မေ့
ဝရော လုံးကြီးတင်ရောခဏငှားပြီး ဝိ
ကိုယ် လူပျိုလှည့်ခဲ့ပြီ။

မောင်ယုပိုင်
တီဗီဖန်သားပြင်ကြီးဖွင့်လျက်
၂၀၀၉၊ ဇွန်၊ နှစ်ကာလများ။

ရော/မှန်/တိ/က ကဗျာဆရာ

အလွမ်းဓာတ်ခံလေးတော့ ရှိပါတယ်
ရှိကြပါတယ်
ဒါနဲ့ ဒီအလွမ်းဓာတ်ကလေးက ဘယ်မှာလာခံ ခံလာနေတာလဲ
‘အက်စ်အိပ်ခ်ျအိုင်ပီ’ကို သင်္ဘောမဟုတ်လား ဘာကုန်တင်/ချရင်
ကောင်းမလဲ သင်စဉ်းစားနေစဉ်မှာ သင်ရထားဥသြသံလေးများ
ကြားတဲ့အခါမှာလို ဥရောပသားများ
လွမ်းလို့(အရိုး)ဆွေးပြီးလောက်ပါပြီ
(အသည်း)(ရင်ဘတ်)နှလုံး(သား)မှာ ဒဏ်ရာဒဏ်ချက်များတာလည်း ပါပါတယ်
ပါကြပါတယ်
ဆေးလိပ် အရက်အလွန်အကျွံသောက်လို့လည်း ဖြစ်နိုင်သလို
မျိုးရိုးလိုက်တာလည်းဖြစ်နိုင်သလို Boss ဘောလ်ပင်နဲ့တွေ့ပြီး
ဟတ်ထိသွားတာလည်း ဖြစ်နိုင်တာပဲ
အနုပညာဗီဇလေးရှိတာတော့ လက်ခံရလိမ့်မယ်
(စကြာတံဆိပ်ကို ကိုယ်တိုင်ဆွဲခဲ့တဲ့)ဟစ်တလာလိုပေါ့
လက်ခံချင်ပါတယ်
အဲဒါနဲ့ ကဗျာရေးတော့မယ်
ရေးခဲ့တယ်၊ ရေးနေတယ် ဆိုပါတော့
တို့ ဘယ်လိုခံစားရမလဲ
မင်းစဉ်းစားသင့်တယ်။

မောင်ယုပိုင်
တီဗီဖန်သားပြင်ကြီးဖွင့်လျက်
၂၀၀၉၊ ဇွန်၊ နှစ်ကာလများ။

အဲဒါတော့ ငါရေးလိုက်ပါတယ်

မင်းဆီကိုရည်ရွယ်ပြီး စာတွေအကြိမ်ကြိမ် ငါရေးတယ်။ ဒါပေမယ့် တစ်စောင်မှမပို့ဖြစ်ဘူး။ မပို့ဖြစ်ဘူးဆိုတာက အချို့စာတွေက ရေးပြီးမှ ငါ့အနေနဲ့ သိပ်အရေးမပါဘူး ထင်လို့။ ဥပမာ သာကြောင်းမာကြောင်း သတိရကြောင်း အဲဒီလိုဟာမျိုးတွေ၊ မင်းနဲ့ငါကြား ထူးခြားတဲ့ ဆက်သွယ်မှု ဖြစ်မလာလောက်ဘူးထင်လို့။ ဒါပေမယ့် ဒီလောက်နဲ့တော့ မင်းဆီကိုစာရေးဖို့စိတ်ကူးက ပျောက်မသွားပါဘူး။ ထပ်များရေးမိပြန်တော့လည်း ငါရေးချင်တာကတစ်မျိုး၊ ငါရေးမိသွားတာကတစ်မျိုး၊ ငါရေးတဲ့ဘာသာစကားက ငါဖြစ်နေတာတွေကို ကိုယ်စားမပြုနိုင်ဘူး။ ဟုတ်တယ် အဲဒီဘာသာစကားက ဘယ်တော့မှလည်း ကိုယ်စားပြုနိုင်မှာ မဟုတ်ဘူး။ တော်ကြာ ငါပြောချင်တာကတစ်မျိုး မင်းအနေနဲ့ တစ်မျိုးမြင်သွားမှာလည်း စိုးရတယ်။ ငါဖြစ်နေတယ်၊ ငါကြုံနေရတယ် ဆိုတာတေကလည်း တစ်ချိန်နဲ့တစ်ချိန် တစ်ကြိမ်နဲ့တစ်ကြိမ် တူတာမဟုတ်ဘူး။ ဘယ်ဟာကို ဦးစားပေး ရေးရမှန်းလည်း ငါမသိဘူး။ စာဆုံးခါနီးမှ ဆုံးသွားပြီးမှ ငါပြောချင်တာတွေ ထပ်ထပ်ပေါ်လာပြီး အဆုံးသတ်မရ ဖြစ်နေတာမျိုးလည်း ရှိတယ်။ ရေးထားသမျှအထဲက ဘယ်စာကို ဦးစားပေး ပို့ရမှန်း မသိ ဖြစ်ရတာမျိုးလည်းရှိတယ်။ ဒါနဲ့ပဲ ငါဘာစာမှ မင်းဆီမပို့ဖြစ်တာပါ။ မင်းဆီပို့လိုက်တယ်ပဲ ထားဦး။ ငါ့စာတွေ အကြောင်းအမျိုးမျိုးကြောင့် ရောက်ချင်မှရောက်မှာ။ ငါနောက်ဆုံး ရ,ထားတဲ့ မင်းလိပ်စာမှာ မင်းရှိချင်မှရှိမှာ။ မင်းမှာ လိပ်စာအပြောင်းအလဲရှိမရှိလည်း ငါမှမသိရတာ။ ဘာပဲဖြစ်ဖြစ်လေ အဲဒါတော့ ငါရေးလိုက်ပါတယ်။

မောင်ယုပိုင်
တီဗီဖန်သားပြင်ကြီးဖွင့်လျက်
၂၀၀၉၊ ဇွန်၊ နှစ်ကာလများ။

မြိတ်မြို့တွင်ပြုလုပ်သည်

ရေးတော့ မြိတ်၊ ဖတ်တော့ဘိတ်။ ဘိတ်??? ဘိတ်ဆုံးမှာနေတာလား
ဘိတ်မှာဆုံးနေတာလား
တစ္ဆေခြောက်သောအိမ်ကြီးနဲ့ မြို့ရဲ့လသာဆောင်မှာ ဆင်မြူရယ်ဝှိုက်ဖ်ရဲ့
ဖြူဖြူသဏ္ဌာန်အရိပ်တွေ၊ အချို့နိုင်ငံခြားသားတွေမြေပုံထဲမှာ ပြန့်
ကျဲနေတဲ့ အမည်မဲ့ကျွန်းတွေ
အချို့တွေရဲ့ ကမ္ဘာ့မြေပုံထဲမှာ(ခဲတံချွန်ထိပ်ဖျားလေးနဲ့တစ်ထောက်စာ)နေရာလေးမှာ

ဘိတ်သားတချို့တောင်မသိတဲ့ ‘မာဂွီး’လို့ ရေးထားတယ်
ထင်ရှားသော အလောင်းမင်းတရားအမာရွတ်နဲ့ တောင်တန်းတွေ
က အသားနည်းနည်းညိုသလိုလိုပဲနော်
ရေမြေကလည်း နည်းနည်းစိမ်းနေသေးတယ်၊ ဘာသာစကားတဝဲဝဲ
မှတ်ပုံတင်အမှတ်-
ငပိမျဉ်းစောင်းဟွန်ဒါယဉ်ကျေးမှု(မှတ်သားဖွယ်ရာမိုးရေချိန်)ရေလုပ်ငန်း
ကော့သောင်းနဲ့ထားဝယ်ဆိုတာ ဒီနားလေးတင်ပါဗျာ၊ ရှပ်ပြေးအမြန်ယာဉ်က
ပြောတယ် ရထားဆိုတာ အလုံးလားအပြားလား
မြိတ်လေ/လှေဆိပ်(ဟေ့ ဘိတ်သား လေလားလှေလား)မှာ
ပင်လယ်ကူးလေယာဉ်ကြီးတွေ၊ အပြည်ပြည်ဆိုင်ရာသင်္ဘောကြီးတွေ
ဆယ်သက်စားမကုန်တဲ့ ပင်လယ်ကြီးက ရွှေသီးသလို
သမုဒ္ဒရာထဲက တစ်ထွာပြီးတစ်ထွာအဖဲ့ခံ/အဖမ်းခံရတဲ့ ရှားပါးပင်လယ်တွေ
ကရိန်းလက်တံကြီးတွေရဲ့ ချိတ်ဖျားမှာ
ယိုးဒယားပါကင်လိုက်၊ တရုတ်ကွန်တိန်နာ၊ ဂျပန်အစီးတစ်ရာ
ပင်လယ်ကူးသင်္ဘောကြီးတွေနဲ့ အိမ်တိုင်ယာရောက် ပို့ဆောင်ပေးနေပါပြီ
ကိုကာကိုလာ၊ ဟမ်ဘာကာ၊ ဟော့ဒေါ့၊ ဆင်းဒဝစ်နဲ့ မြိတ်ကတ်ကြေးကိုက်
ယိုးဒယားကွေးတရုတ်၊ ကုလားဒန်ပေါက်၊ ရှမ်းခေါက်ဆွဲ၊ ချစ်တီးထမင်းနဲ့
တရုတ်ဟော့ပ်ပေါ့၊ ထားဝယ်မုန့်လက်ဆောင်း၊ ရခိုင်မုန့်တီ၊ ရန်ကုန်မုန့်ဟင်းခါး
ယနေ့ရနိုင်သော စားစရာများ/လူမျိုးမရွေးဘာသာမရွေး
စားသုံးရန်စီမံထားပါသည်
ဗြူတီပါလာလတ်လတ်ဆတ်ဆတ်ကြီးတွေ၊ ရေချိုကာရာအိုကေတေ
ပါကင်လိုက်ထုပ်ပိုးထားတဲ့ အရှင်လတ်လတ်အကောင်လှလှလေးတွေ
နိုင်ငံခြားဈေးကွက်ရှိတယ်လေ၊ မြောင်းထဲမှာ
ဟင်းစားရှာဖို့တဲ့ ဘယ်ရပ်ကွက်က ကျူးကျော်လာမှန်း မသိတဲ့ဟာတွေ၊
ဖက်မိုး ဆေးသုပ် ပန်းရန်လုပ်၊ ကျပန်းအလုပ်တွေမှာ အခြေကျလို့
လုပ်သက်ရင့်နေပါပြီ၊ ဘိလိယက်ခုံတွေ၊ တီဗွီဂိမ်းတွေ၊ ဆိုင်ဘာကဖေးတွေ

ဟုတ်ကဲ့ပါ၊ သရီးအင်ဝမ်းပေါ့၊ တရုတ်နဲ့ယိုးဒယားဖက်စပ်ပါ
ဆိုင်ကယ်တွေနဲ့လွဲအောင် လက်ညှိုးထိုးပါ၊ ကိုးရီးယားဇာတ်လမ်းတွဲမကြိုက်သူ
လက်ညှိုးထောင်ပါ၊ မြိတ်ကိုလက်ညှိုးထိုးရင် ကိုယ့်ဘက်ကို
သုံးချောင်းပြန်ထိုးနေတာ သိရဲ့လား၊
တန်ခိုးကြီးဘုရားနဲ့ စေတီပုထိုးများပေါ်မှာ ခုနစ်ရက်သားသမီးများစည်ကားလို့
တရုတ်ဘုံကျောင်းမှာ စာချပြီး အသားတုဆွမ်းနဲ့အလှူပွဲ
ဘုရားကျောင်းမှာ နှစ်ခြင်းခံယူ ခရစ်တော်မှာ အိပ်ပျော်လို့
ကုလားအပ်စိုက်ပွဲ၊ ကုလားကျားအက၊ တရုတ်ခြင်္သေ့အက၊ မြန်မာနဂါးအက
ဘာလူမျိုးလဲ၊ ဘယ်သိင်္ချိုင်းသွားချင်သလဲ၊ ပိတ်ရက်မရှိ တစ်လမ်းတည်း
သင့်ကြောင့်အေ့စ်မလောင်ပါစေနဲ့၊ လိင်ဆက်ဆံလျှင် ဦးထုပ်ဆောင်းပါ၊
မေးသိုင်းကြိုးတတ်ပါ မီးဘေးအန္တရာယ်ကာကွယ်ခြင်းသည် ကုသခြင်းထက်
ထိရောက်သည်၊ ဆူနာမီတုပ်ကွေး ကြက်ငှက်ငလျင်၊ ဂြိုဟ်တုစလောင်းတွေက
ကိုယ့်ဖက်လှည့်လာပြီ၊ ကမ္ဘာ့ဖလားပွဲလည်း နီးလာပြီဆိုတော့လေ
ရန်ကုန်မြို့နှင့်တစ်ပြိုင်တည်းပြသပါပြီ၊ မြိတ်မြို့
မှ နှုတ်ခွန်းဆက်သပါ၏။ ။

မောင်ယုပိုင်
တီဗီဖန်သားပြင်ကြီးဖွင့်လျက်
၂၀၀၉၊ ဇွန်၊ နှစ်ကာလများ။

PG-13 ရုပ်ရှင်

ဗြုန်းခနဲ ထွက်လာမယ်
ဘရိတ်ပေါက်လာတဲ့ ကားများ
ပျံ့နှံ့လာတဲ့ ပိုးမွှားများ
အပြာရောင်မိန်းမများ
ဘရုစ်တပ်များ၊ ဂျူဒတ်စ်များ
သွေးတရဲရဲ အစွယ်တဖွေးဖွေးများ
နားနဲ့မဆန့်တဲ့ အသံကြီးများ

ဆက်လက်ပြသနေဆဲ ကမ္ဘာကြီးမှာ
လူကြီးမင်းများ အသက်ပြည့်ဖို့ မျှော်လင့်ရပါတယ်။ ။

၂၀၀၄
မောင်ယုပိုင်
တီဗီဖန်သားပြင်ကြီးဖွင့်လျက်
၂၀၀၉၊ ဇွန်၊ နှစ်ကာလများ။

မြစ်ကမ်းပေါ်မှာ

သိက္ခာအိမ်ဟာ
ဓနိမိုး ထရံကာ
မဟုတ်ပါ။

သစ္စာလမ်းဟာ
မြစ်ကမ်းပါးပေါ်
မတည်ပါ။

မေတ္တာစမ်းဟာ
မိုးလွန်သော်လည်း
မခန်းပါ။

ဒါပေမယ့်
ဘဝဟာ
မြစ်ကမ်းပေါ်က
တဲအိုလေးတစ်လုံးသာ။


ဇော်ယုအောင်
နာတာရှည်ရဲတိုက်။ ၂၀၀၂၊ နိုဝင်ဘာ။

နေ

အရှေ့ကအန်ထုတ်လိုက်
အနောက်က မျိုချလိုက်နဲ့
သူ့ခမျာ
နှစ်ဆယ့်တစ်ရာစုတောင် ရောက်ခဲ့

ဇော်ယုအောင်
နာတာရှည်ရဲတိုက်။ ၂၀၀၂၊ နိုဝင်ဘာ။

အကွာအဝေး

ငါ့အချစ်နဲ့ငါ
နံရံတစ်ခုသာခြားတယ်။

အဲ့ဒီနံရံ
ဝေးလံတာကိုဖွဲ့ရင်
စကြဝဠာငိုရလိမ့်။

ဇော်ယုအောင်
နာတာရှည်ရဲတိုက်။ ၂၀၀၂၊ နိုဝင်ဘာ။

သွားရည်တမြားမြားနဲ့
ဝက်ဝံတစ်ကောင်ဟာ
ကောင်းကင်ကိုမော့ကြည့်…
ခမျာ…
တက်မဖွတ်နိုင်ရှာဘူး
ညပင်အိုပေါ်ကပျားအုံ

ဇော်ယုအောင်
နာတာရှည်ရဲတိုက်။ ၂၀၀၂၊ နိုဝင်ဘာ။

အားလပ်ရက်များတွင် ရေအိုင်နံဘေး၌ သမားရိုးကျနေထိုင်ကြည့်ခြင်း

ခြေထောက်ကိုအက်ဆစ်စားမှ ချောက်ချားဖို့သတိရ
စောစောထ လမ်းလျှောက်ခဲ့ဖို့ကောင်းတယ်။
လက်ချောင်းတွေ တပွေ့တပိုက်၊ တစ်ခုပြီးတစ်ခုကွေး
ဖြည်းဖြည်းညင်ညင်ကွေး၊ နောက်တစ်ကြိမ်ကွေး
နောက်တစ်ကြိမ်ချိုး၊ အကြိမ်ကြိမ်ကွေး၊ အကြိမ်ကြိမ်ချိုး
ခိုတွေလိုအုပ်ဖွဲ့၊ အပြေးအလွှား
ဒီလောက်ပဲလား။
အမြတ်နိုးဆုံးမှ အလုခံရခြင်းထမင်းစားရေသောက်
အဖြူထဲဝင်လိုက်ရင်မွှေး
ဂြိုဟ်တစ်ခုရဲ့မြေသားပဲ
မြို့တစ်မြို့တည်းရဲ့မြေသားပဲ
မြေသားရဲ့အမိ မြေသားပဲ
မှန်မှန်ကန်ကန် မှန်ကန်ခဲ့သည့်နောက်
အရွေ့မှာနင်းထားတယ်။
ကဲ…ကဲ….ကဲ
ဒီလိုညနေခင်းလည်းအလားတူ
ပြင်ညီပေါ်ခေါ်ဆိုရင်း
ဖြစ်နိုင်သမျှနှေးနှေး
ထုံးစံအတိုင်းနည်းနည်းပိုကြာ
ယုံကြည်မှုဖြင့်ယုံကြည်စွာ
အားလပ်ရက်တွေ ပိုလို့ခိုင်မာရမှာပေါ့။

လူဆန်း
ရေးသူ လူဆန်း
၂၀၀၈၊ အောက်တိုဘာ၊ နှစ်ကာလများ။

သံနဲ့လုပ်ထားလျက် ဝေကျလာသော ဂဃဏန

ဆူဆိုဒ်လုပ်နေတာမဟုတ်။ မဟုတ်။ လုံးဝမဟုတ်
လုံးဝ (လုံးလုံးဝဝ) မဟုတ်။
အရက်သောက်နေတာပါ။ အရက်သောက် နေတာ
အရက်ကိုသောက်နေတာ။ အရက်ကို ဒီလို
သောက်နေတာ ဒီလို
ရင်ဘတ်မြည်ဟီး စည်ကြီးတီး ဒီလို
တရစ်ပြီးတော့
တရစ်စိန်တရစ် မြတစ်ရစ် သိကြားတရစ်
နတ်တရစ် ရဟန်းတရစ်
လူပြည်သူအများတရစ် ဗောဓိညောင်တစ်ရစ်
လက်စ်ဇပ်ကားတရစ်
ရုပ်လုံးပေါ်။ ခရစ်စတယ်ဘောစခ ရင်ထဲမှာ ပေါ်
ဖော- အစာအိမ်အူလမ်းကြောင်းအတွင်း သွေးထွက်ခြင်း
ဖောဖော- ခြေဖဝါးမို့မို့မောက်မောက်
ပင့်ကူလက်တံတွေလှုပ်ခတ်
‘ရှော’ ဘိုင့်ဘိုင်။ နှစ်ရက်သုံးရက်လောက်ကျန်ရစ်သူတွေ
တစ်ပတ် တစ်လ လွမ်းဖို့မောပန်းသွားပြီ။
(မည်သူတစ်စုံတစ်ယောက်မှ အထိအခိုက်မရှိ
မတ်သနောအပြည့်တင်ဆောင်လာသော ဟူးမင်းန်ဗိုက်ဗုံးကြီး
အောင်မြင်စွာ ပေါင်းစုအငွေ့ပျံ
ကားတွေစီ အမြန်သုတ်ခြေတင်ကြလေပြီ။)
ရှေ့မှာ နောင်မှာ အရင်ကတည်းက
အတိအကျ၊ ဟုတ်ရဲ့လားကွ သံဝေဂ

၂၀၀၆
လူဆန်း
ရေးသူ လူဆန်း
၂၀၀၈၊ အောက်တိုဘာ၊ နှစ်ကာလများ။

တကယ်အိပ်ချင်နေပြီ

ငါတကယ်အိပ်ချင်နေပြီ။
ငါတကယ်အိပ်ချင်နေပြီကွာဆိုတဲ့ စကားစုကို အားမနာတမ်း
ရှောရှောရှူရှူဝင်အောင် ဘယ်လိုပြောရမလဲ
အဲဒါခက်တယ်။ ဒီမှာအဲဒါ သိပ်ခက်တယ်
ငါတကယ်အိပ်ချင်နေပြီကွာဆိုတဲ့စကားစုအပေါ်
မင်းတစ်မျိုးတမည်ခံစားအဓိပ္ပာယ်ဖွင့်ဦးတော့မယ်
ငါသိတာပေါ့။ ကျီးကျီးချင်းသိသလိုငါသိတာပေါ့
တကယ်က ဘယ်လိုပစ်ခွာဖယ်ကျဉ်မှုမျိုးမှမပါဘဲ
ရိုးရိုးပြောတာ။ တကယ်မျက်ခွံတွေလေးကျလာလို့
တကယ်အနားယူဖို့ လိုလာလို့ ငါ့ဘော်ဒီအတွင်းထဲက
ခေါင်းလောင်းသံတွေ ငါပြန်ဆိုလိုက်တာပါ
ငါတကယ်အိပ်ချင်နေပြီကွာ

၂၀၀၆
လူဆန်း
ရေးသူ လူဆန်း
၂၀၀၈၊ အောက်တိုဘာ၊ နှစ်ကာလများ။

Apr 12, 2009

အင်ဒီဝါးဟိုးလ်တို့ကမ္ဘာ

အင်ဒီဝါးဟိုးလ်တို့ကမ္ဘာ၊ သုခမိန်လှိုင်။
ပကြိမ်၊ စိတ်ကူးချိုချို၊ သြဂုတ် ၂၀၀၈။
တန်ဖိုး ၁၀၀၀ကျပ်၊ စောင်ရေ ၅၀၀။


၁။
အင်ဒီဝါးဟိုးလ်တို့ကမ္ဘာ
===============

ဒီရှန်ပူနဲ့ဆို
သေခြင်းတရားတောင် လန်းဆန်းသွားမလား
ဒီနေကာမျက်မှန်နဲ့ဆို
အနာဂတ်ကို ဖောက်မြင်ရမလား
ဒီဖိနပ်နဲ့ဆို
ဝင်္ကပါအပြင်ဘက်ကို ထွက်နိုင်မှာလား
ကဗျာဖြစ်တဲ့ ကြော်ငြာတွေဟာ
စိတ်ဝင်စားစရာ ကောင်းပါတယ်

အင်္ကျီကို တီထွင်ပြီးထဲက
ငါတို့ဟာ (ဟန်ကိုယ့်ဖို့) သက်သာရာ ရခဲ့ကြ
မျှော်လင့်ခဲ့ကြတဲ့ လှပတဲ့ကမ္ဘာ
ရေမွှေးများများ ဆွတ်ပါ
ဝတ်စုံထည်လဲ ဝတ်ပါ
ထိပ်ပေါက် ခေါင်းကွဲ
အပြင်ထွက်လာတဲ့ ဒဏ်ရာတွေဆိုရင်တော့
ရောင်စုံပတ်တီးလှလှ
စည်းပြလိုက်ကြတာပေါ့။

Jan 06, Idea Magazine
---------------------

၂။
မာရ်နတ်နဲ့ကဗျာ
==========

ကလီယိုပါထရာက အလှပြုပြင်ပေးမယ်ဆိုတော့
ကမ္ဘာကြီးချောပြီပေါ့။
ဟာကြူလီ လောင်ဒရီဆိုတော့
ရှိသမျှဂျီးတွေ ချွတ်မယ်
ဖြူဆွတ်ဖို့သာ ပြင်ပါတော့။
ဂလိုဘယ်လိုက်ဇေးရှင်း အင်တာနက်ဆိုတော့
ငြိမ်းချမ်းရေးနဲ့ငါနဲ့
တိုက်ရိုက်ချက်လို့ရပြီပေါ့။
မာရ်နတ်နဲ့ငါ လမ်းလျှောက်လာတုန်း
ဆိုင်းဘုတ်တွေနဲ့ အနုပညာ
အများအပြည့်ကမ္ဘာ
ပြောင်းပြန်လှန်ကြည့်နေရတာပဲ။

Feb 06, Idea Magazine
---------------------

၃။
အမည်နာမ အမှတ်တံဆိပ်များ
====================

ငါ ကဗျာရေးဖြစ်တာ မှားတယ်
ကမ္ဘာလုံးကြီးလို လည်လိုက်တော့
ရိုက်ညီနောင် လေယာဉ်ပျံတီထွင်ဖြစ်တာ မှားတယ်
ဂူတင်ဘတ် ပုံနှိပ်စက်တီထွင်ဖြစ်တာ မှားတယ်
အက်ဒီဆင် မီးကိုတွေ့ရှိတာ မှားတယ်
အိုင်းစတိုင်း ဆဲငင်အားကို တွေ့တာမှားတယ်
နယူတန် တန်ပြန်နိယာမကို တွေ့တာမှားတယ်

စကြာဝဠာဈေးကွက်ထဲ
အားလုံးရောင်းစားခံရတဲ့အခါ

March 06, Idea Magazine
-----------------------

၎။
မအောင်မြင်ခဲ့တဲ့ကဗျာ
==============

ရှာရာပိုဗာက
တင်းနစ်ဝတ်စုံနဲ့
စကားလက်ဂျိုဟန်ဆင်က
ပွဲတက်ဝတ်စုံနဲ့
ချားလ်မင်းသားက
နန်းတက်ဝတ်စုံနဲ့
ကမ္ဘာကြီးက
နျူကလီးယားအင်္ကျီ
ဆင်းရဲသားဘောင်းဘီ
အိပ်ခ်ျအိုင်ဗီ လက်ပတ်နာရီ
လောကဓံ တိုလီမိုလီနဲ့

ငါ့ကဗျာမှာ
အဝတ်အစားပါရဲ့လား

Apr 06, Idea Magazine
---------------------

၅။
ဗိသုကာ လောကဓံ
=============

ကမ္ဘာကို နေရာချထားကတည်းက
နေနဲ့ အကွာအဝေး
လနဲ့ အကွာအဝေး
ချိန်ဆ တပ်ဆင်ပြီးသားပါ

ငါနဲ့ အလွမ်း
အနမ်းတစ်ခုလို
ခွာမရတာကိုက
အချိန်အဆ ကောင်းခဲ့ကြ။

အခုကျမှ
ငါးမန်းတွေကို သတ်သတ်လွတ်စားဖို့
တေးဆိုလို့မရ။

May 06, Idea Magazine
---------------------

၆။
ရွှေပွဲလာ
======

ဘဝရဲ့ဆန်းကြယ်မှုတွေ မေ့မောထားမှ
သက်သာရာရမှာမို့
ငါတို့ဟာ ဆပ်ကပ်ပြပွဲထဲမှာ
ရွှေပွဲလာ။

ခွေးက မီးကွင်းထဲ ဒိုင်ဗင်ထိုး
လူက ခြင်္သေ့ပါးစပ်ထဲ ခေါင်းဝင်
ကြိုးတန်းပေါ် လမ်းလျှောက်
ဘားတန်းပေါ် ခုန်လွှဲ
ဆင်တစ်ကောင်လုံး အနင်းခံ
ကျားတစ်ကောင်လုံး အနမ်းခံ
သံချောင်းတွေ စားပြ
ဓားတွေပေါ် အိပ်ပြ။

အိမ်ပြန်ရောက်မှ
ဒီထက်မဖြစ်နိုင်တာတွေလုပ်ခဲ့တဲ့ ငါ့အရိပ်ဟာ
ရိပ်ခနဲ။

June 06, Idea Magazine
----------------------

၇၊
ဝေဝေဆာဆာ
=========

လူတို့သည်
စကားလုံးများကို ရွှေ့ကြည့်ကြ၏ ။
ကြေကွဲခြင်းကို ဝိုင်နီနီ
ချစ်ခြင်းကို ဂျင်းဘောင်းဘီ
ဆင်းရဲခြင်းကို စံပယ်ပန်း

ဝိုင်နီနီ သောက်ပါ
ဂျင်းဘောင်းဘီ ဝတ်ပါ
ှစံပယ်ပန်းများ ဝေဆာနေပါသည်။

August 06, Idea Magazine
------------------------

၈။
သစ္စာပန်းများ
=========

ကမ္ဘာကြီးက
ပစ်ရမှာလည်း ဟမ်ဘာဂါ
စားရမှာကလည်း ကြက်တုပ်ကွေး။

ဟေး...
ငရဲကို
ကိုယ့်ပုံစံနဲ့ကိုယ် တင်ဆက်ရမှာပေါ့တဲ့
လူသားတို့ စွမ်းခဲ့ကြရာ
သစ္စာပန်းများဆိုတာ
အမည်နာမ သက်သက်ပါ။

September 06, Idea Magazine
---------------------------

၉။
ကမ္ဘာတစ်ခုစာ
=========

မွေးနေ့မှာ ရမယ့်လက်ဆောင်တွေဟာ
ကမ္ဘာတစ်ခုစာ။

လောကကြီးဆိုတာ
စစ်မြေပြင်မှာ
ချယ်ရီပန်းတွေ ဝေနေပုံပါပဲ။

ငါ့နာမည်ဟာ အတည်ဖြစ်ရဲ့လား
သင့်လို မနာကျင်ဘူးလား
သင့်လို မဆာလောင်ဘူးလား
သင့်လို မသေဆုံးဘူးလား။

October 06, Idea Magazine
-------------------------

၁၀။
လွတ်တဲ့ငါး
=======

ကြယ်တွေကြွေမှ
ကောင်းကင်ကြီးက တန်ဘိုးကြီးလာ။

ငါတို့ မက်ခဲ့ကြတာ
အိပ်မက် ကြီးကြီး
ငါတို့ မျှားခဲ့ကြတာ
သမုဒ္ဒရာ ကြီးကြီး
ငါတို့ ကြီးခဲ့ကြတာ
ငရဲ ကြီးကြီး။

စပျစ်သီးချဉ်မှာလား
လွတ်တဲ့ငါးက
ကမ္ဘာကြီး

November 06, Idea Magazine
--------------------------

၁၁။
So Hollow
=========

အရူးမရဲ့ ကိုယ်ဝန်လို
ရှင်းမပြနိုင်စရာ
အနုပညာတွေနဲ့လား။

အိပ်ထဲကို လက်လျှိုလိုက်တော့ ဗလာ
ဘဝထဲကို ခေါင်းထိုးလိုက်တော့ ဗလာ
ကမ္ဘာထဲကို တစ်ကိုယ်လုံးဝင်လိုက်တော့
ဗလာ...

So hollow
အဲဒီ ဟောင်းလောင်းပေါက်
ငါကြောက်လာတယ်။

January 07, Idea Magazine
-------------------------

၁၂။
ကြွေတဲ့ပန်းသီးနဲ့ ငါနဲ့ ကမ္ဘာ
==================

လူ့ဘဝကြီးကို လာပါတယ်
အာလာဒင်မီးခွက်မပါ
ညွှန်ရာရေဖြစ်တဲ့ လက်ညှိုးမပါ
ထိတိုင်းရွှေဖြစ်တဲ့ လက်လည်းမပါ
တွေ့တိုင်းပြဿနာဖြစ်တဲ့ ဦးခေါင်းတော့ပါတယ်။

သိပ္ပံပညာမှာ
ပန်းသီးကြွေရုံနဲပ
ဆွဲငင်အားကို တွေ့ခဲ့တာ
ငါက
ကမ္ဘာကြီး ရစရာမရှိတော့တာ
ဘာတွေကြွေလို့ တွေ့တာလဲ။

February 07, Idea magazine
--------------------------

၁၃။
အလဲအလှယ်
=========

ဖရိုဖရဲဖြစ်သွားရတဲ့ စာလုံးတွေအားလုံး
ကြည့်လို့ကောင်းတဲ့ အဆုံးအထိ
ငါတို့ ပို့ကြည့်ကြရအောင်
ကြည့်လို့မကောင်းတဲ့ အဆုံးအထိ
ငါတို့ကိုယ် ငါတို့ ပို့ပြီးနောက်

March 07, Idea Magazine
-----------------------

၁၄။
စကြာဝဠာလမ်းညွှန်
=============

စကြာဝဠာလမ်ညွှန်မှာ
တီထွင်မှု မှန်သမျှ
ဘေးထွက်ဆိုးကျိုးပါဝင်
ဒုံးပျံကြောင့် လူဆိုးတွေ ပိုမြန်လာခြင်း
လျှက်စစ်ကြောင့် လူဆိုးတွေ ပိုလင်းလာခြင်း
လေယာဉ်ပျံစီးလာတဲ့ စစ်ပွဲများ
ဘုရားသခင် တီထွင်တဲ့လူကို ဝယ်လို့ရတဲ့
လူတီထွင်တဲ့ ပေါင်စတာလင် စက္ကူများ
...
ခုတော့လည်းလေ
ချစ်သူမေရေ
အနုပညာတွေ တီထွင်
ရောဂါတွေ တီထွင်
ကွန်ဒုန်းတွေ တီထွင်
ဒုံးကျဉ်တွေ တီထွင်
ကမ္ဘာကြီးဟာ တီထွင်မှုတွေနဲ့
အမြဲသစ်လွင် နေတာပဲ။

April 07, Idea Magazine
-----------------------

၁၅။
ငါ့နာရီမပျက်ဘူးလို့ ညာမရောင်းကြေး
========================

မည်သည့်စက်ပစ္စည်းမဆို စက်ပျက်တတ်တယ်
သဘာဝတရားလည်း စက်ပျက်တတ်တယ်
လူ့ဘဝလည်း စက်ပျက်တတ်တယ်
ကမ္ဘာကြီးလည်း စက်ပျက်တတ်တယ်
သင်ပျက်တဲ့အခါ
ငါပြင်ပေးမယ်
ငါပျက်တဲ့အခါ
သင်ပြင်ပေးပါ
တိုင်တန်းနစ် သဘောင်္ကြီးပေါ်မှာ

May 07, Idea Magazine
---------------------

၁၆။
စူနာမီ အနုပညာ
===========

လှိုင်းလုံးကြီးတွေလို
အမြန်ဆုံးရောက်လာမှ
အထင်မကြီးမိလို့ (ဝါ)
အလှတရားမှာ ရှုငေးမိလို့
ငါတို့ အငိုက်မိခဲ့တယ်
အကျအဆုံး များခဲ့တယ်။

စူနာမီထဲက ဝိညာဉ်တွေလို
ငါတို့ အနုပညာမှာ
သင်ခန်းစာတွေ ပါပါတယ်။

June o7, Idea Magazine
----------------------

၁၇။

ကျွန်တော်မတတ်နိုင်သော ကမ္ဘာလောကကြီးထဲသို့ ရောက်ခဲ့သည်။
ကျွန်တော် တတ်နိုင်သလောက် ကြိုးစားခဲ့မိသည်။

July 07, Idea Magazine
----------------------

အငြိမ့်

အငြိမ့် ကဗျာစာအုပ်။
ပကြိမ်၊ စာအုပ်ဈေး၊ အောက်တိုဘာ ၂၀၀၈။
တန်ဖိုး ၂၀၀၀ကျပ်၊ စောင်ရေ ၅၀၀။

ပါဝင်သည့်ကဗျာများကို မတင်ပြတော့ပါ။
ဤနေရာတွင် ရနိုင်ပါသည်။
ဤနေရာတွင် သုံးသပ်ချက်ဆောင်းပါးရှိ၏ ။

Apr 10, 2009

နှင်းဆီပွင့်

လယ်တောက ပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင် ခူးကာပေး။

မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး။ ။

မင်းသုဝဏ်
၃၁၊၁၂၊၃၂

တန်ဖိုး

ပြန်မလာတဲ့ ခြေရာတွေပေါ်
လာနေတာဘယ်သူတွေလဲ
အသစ်တွေလား...။

အမိုက်အမှားတွေလိုက်စားသူတွေလား
ဒီမှာ...
အမှားတွေများပြားထူထပ်လွန်း
ဒီမှာ...
အကြိုက်ချင်း မတူညီကြဖူး
လက်ခံတယ်
ဘဝချင်းမတူညီကြဘူး
လက်ခံတယ်၊
ကြွေးမြီတွေနဲ့ လေးလံပိတင်နေလွန်း
လက်ခံတယ်၊
လေးတော်ကို ငါတင်ပြီး ပစ်ချလိုက်ရမှာက
အမြိုက်တရားပေပဲကိုး။
ငါ့ထက်က ငါ့အဘိဓမ္မာအရ
ငါဟာ
လွတ်လွတ်ကျွတ်ကျွတ်ကြီး ရှုံးခဲ့ရတော့
လွတ်လွတ်ကျွတ်ကျွတ်ကြီးပဲ နိုင်ချင်တယ်။

အမှန်တကယ်ပဲ
ငါပစ်ချလိုက်ပါတယ်
အမြိုက်တရား။ ။

မောင်ချောနွယ်

မြေကြီးပေါ်မှာ

အာရုံအလျင်ထဲ
စွဲလန်းမှုသီအိုရီတွေရောက်ရောက်လာ
သစ်သစ်သွားကြ၊
တစ်ယောက်တစ်မျိုးစီ မှားခဲ့ကြတယ်တဲ့
သံသရာကို ချစ်တယ်တဲ့
ရွှေသားသံယောဇဉ်လေးကို မြတ်နိုးတယ်တဲ့
အချိန်တန်ရင်တော့
ကိုယ့်ဇာတိဆီပြန်ကြရတာပဲတဲ့...
အေး-
ငါ့ဇာတိဟာ အလွမ်းဖြစ်တယ်။
ပြဇာတ်ဆန်ဆန် အရောင်အရိပ်တွေ
ငါအလွန်မုန်း
မြှုံးမိတဲ့ငါး အသက်ရှင်စဉ်မှာ
ဘာတွေတွေးခေါ်နေမိမလဲ
ငါသိချင်မိ
ငါကိုယ်တိုင် မြှုံးမှာ မိမှပဲ၊
လွတ်လမ်းကိုသာ လိုချင်ခဲ့မိ၊
အရင်လိုဘဝဆိုးထဲကိုပဲ
လွတ်ချင်ရဲ့၊
ဒါ ဘဝရဲ့ အဘိဓမ္မာပဲ
သေချာရဲ့၊
အိပ်မက်ဆန်ဆန်တွေ လာရောင်းဝယ်မနေနဲ့
စက္ကူလေယာဉ်ပျံလေးကို လက်ထဲကလွှတ်ချလိုက်ပြီ။ ။

မောင်ချောနွယ်

နွေဦးသစ်သီးများ

ငါ့သီချင်းလေးနဲ့သာ
ငါ့လှေကလေး ငါလှော်ခဲ့
ငါ့အသက်လေး
ငါထွန်ယက်ခဲ့
ငါ့ဥစ္စာထုပ်ကလေး ဘယ်မလဲ
ငါရောက်ခဲ့
ရမှရောက်တယ် ငါသိခဲ့
ငါ့ဥစ္စာထုပ်ကလေးရှိပါရဲ့
ဘယ်မလဲ
ငါရခဲ့
ရောက်မှရတယ်ငါသိခဲ့
ငါရခဲ့
အဲဒါအရှုံးလား
အရှုံကို ခံယူတယ်
ဒါဟာ
ငါ့မီးလျှံ
ငါခုန်ဆင်း
ငါ့ယာခင်းတွေပူလှသည်
ဒါဟာ
ငါ့မီးလျှံ
ငါခုန်ဆင်း
အဆုံးတွေ ဆင့်ဆင့်ရလွန်းခဲ့
ငါ့ယာခင်းတွေ ပူလှချည့်
ငါထွန်ယက်ခဲ့
ရလဲရတယ်
ရောက်လဲရောက်တယ်
ပေါက်ပွင့်နီရဲ
ဒိုင်းကနဲပေါ့
နွေကို ရဲရဲဖွင့်လိုက်ပြီ
ဒါဟာ ငါ့မီးလျှံ
ဒါဟာ ငါ့ဥစ္စာထုပ်
ဒါဟာ ငါ့ယာခင်း
ငါ့နွေပြတင်းမှာ ရွှေရည်ရွှေအဆင်းတွေ
လင်းတော့မယ်။ ။

မောင်ချောနွယ်

Apr 8, 2009

ရန်သူမဲ့သော နေ့ရက်များ

မနက် မျက်နှာသစ်ဖို့ပြင်တိုင်း
သွားတိုက်သံပေါ်မှာ လွဲချော်မှုကို တွေ့ရ
မွှေးနံတွေနဲ့ ကြေကွဲ
ရာသီဥတုက ခြေပြတ်လက်ပြတ်အနေအထား
အရက်ဆိုင်မှာတောင် လူပါးသတဲ့
"နွား" ဆေးလိပ်တစ်လိပ်နဲ့ ခုခံထားရင်
ခံသာမယ် ထင်တယ်။

သွေ့ခြောက်ခြောက် သစ်ရိပ်စိမ်း...တဲ့
ဒါဟာ ပျက်ချော်မှုတစ်ခုပါ
မွတ်မွတ်သိပ်သိပ် ငြင်းဆန်ရဲ့
မြောက်မြားစွာ လမ်းချော်ပြီးခဲ့ပါပြီ။

တနင်္ဂနွေများ
အဖန်တလဲလဲ တနင်္ဂနွေများ
နာတာရှည် တနင်္ဂနွေများ
စေးနှဲသူသာ အစီအနင်းများ
ညည်းညူသံများ
ရွှင်လန်းဝမ်းမြောက်ကြပါစေ။

ဒီလိုနဲ့
ကျွန်းကို လွမ်းခဲ့
ကာလရေကြည်တစ်စက်မှာ
အသက်ရှုသံတွေ အငွေ့ပျံ
အသက်ခွက်ထဲ ဘဝကို ရေခံကြည့်သောအခါ
အသက်ရှင်ခွင့်က လွဲပြီး
အားလုံး ဖိတ်စင်ကွဲရှခဲ့ပေပြီ။

ညီမလေး မမမြင့်ရေ
* တို့နှလုံးသားတွေနဲ့သာ ထုဆစ်ခဲ့ကြတာပေါ့ကွယ်
(တို့နှလုံးသားတွေနဲ့သာ တို့ခေတ်ကို ထုဆစ်ခဲ့ကြတာပေါ့ကွယ်)
သေချာလွန်းတာက
မမြဲတဲ့ အနိစ္စတရားက မြဲလွန်း
တို့တွေ ရှုံးလွန်းလှတယ်ကွယ်။ ။

မောင်ချောနွယ်

ကဗျာ နှစ်ပုဒ်

ကျွန်တော် ကဗျာတိုလေးတွေကို ပိုကြိုက်ပါတယ်။ ဘလော့ဂ်မှာတင်ထားတာတွေမှာလည်း ကဗျာတိုတွေပိုများပါတယ်။ (စာရိုက်ရတာ နည်းလို့ :D ) ခု ကဗျာတိုနှစ်ပုဒ်ကို လမ်းညွှန်လိုက်ပါတယ်။ ဘလော့ဂ်မှာ ပြန် ကူးမတင်တော့ပါဘူး။

ကဗျာဆရာက မနော်ဟရီ ပါ။

တစ္ဆေမရှိတဲ့ တိုင်းပြည်
နှစ်လိုမိနေတဲ့ပင်လယ်

Apr 6, 2009

မျက်ရည်စစ်စစ်တွေ

ငါတို့အရိပ်တွေ တိုတိုလာခဲ့
ဟောဒီ
ကမ္ဘာမြေပေါ်
အရိပ်ကလေးတစ်ရိပ် ဖိတ်စဉ်မှာတောင်
ကြည်ကြည်လင်လင် မစီးခဲ့ရချေဘူး
ရှုံးလိုက်တာ။

လောကကြီးမှာ
သူ့နေရာနဲ့သူ စားရမယ့်အစားအစာ
ရှိနေကြမှာကိုပဲ
သူ့နေရာသူ့အစာ
ရှိကြတာကိုပဲ
ခုတော့... ဒီမှာ
ငါ့ပေါင်မုန့်တွေကို လာလာပြီးလုနေကြ

ဘယ်သူတွေတုန်း...
ဘယ်ဂြိုဟ်က ဂြိုဟ်သားတွေတဲ့တုန်း
ဘယ်ချောင်က ထွက်ထွက်လာနေတဲ့
နိတိအဆုံးအမတွေတဲ့တုန်း
ဘယ်လို ကံဇာတာဝတ်စုံတွေတုန်း
ဘယ်လိုမကောင်းဆိုးဝါးတွေတဲ့တုန်း

ဘာလဲ
ဥက္ကလာဟိုးမားက အိုးမဲ့အိမ်မဲ့တွေလား။
ဟော်လန်က နို့ချက်သမားတွေလား။
ဘာလဲ
စကော့တလန်က အရက်ချက်သမားတွေလား
ဘာလဲ
အမရပူရက ရက်ကန်းသမားတွေလား
ဘာလဲ
ငါးတန်ချောင်းက ငါးဖမ်းသမားတွေလား
ဘာလဲ
မန်ကျီးပင်သုံးခွက ဆားချက်သမားတွေလား
ငါ့မှာဖြင့် ဆုံးရှုံးလိုက်ရတဲ့ ငါ့ပေါင်မုန့်တွေ။

မဟုတ်ဘူး
ဘယ်နတ်ဒေဝတာမှ လာမလုဘူး။
မဟုတ်ဘူး
ဘယ်ဂြိုဟ်သားမှ လာမလုဘူး။
မဟုတ်ဘူး
ဘယ်စုန်း ပြိတ္တာ တစ္ဆေမ ဖုတ်ဘီလူးမှ လာမလုဘူး
လူလူချင်းသာ လာလုယက်နေကြတာ။

ဒီအမှု
ဒီအမှုသာ
ဆေးသားရေးချယ် စီကုံးလို့ရရင်
ဒီအမှုသာ ဆင်ဖိုနီလယ်ဆွဲဖြစ်ခဲ့ရင်
ငါဆုံးရှုံးခဲ့ရ ငါ့ပေါင်မုန့်တွေ
ဟုတ်တယ်
ငါဆုံးရှုံးခဲ့ရ ငါ့ပေါင်မုန့်တွေ
အလုခံရတဲ့ ငါ့ပေါင်မုန့်တွေ
ငါဘာလို့များ နှမျောပေးတော့မှာလဲလေ။

ခုတော့ဖြင့်
ငါ့ တူရာသီမှာ မီးလာလာတောက်တောက်နေတယ်
ခုတော့ဖြင့်
ငါ့ ကန်ရာသီမှာ ကြာတွေလာလာပေါက်နေတယ်
ခုတော့ဖြင့်
ငါ့ သိဟ်ရာသီမှာ ခြင်္သေ့လာလာဟောက်ဟောက်နေတယ်
လှလိုက်တာ
သုခုမနှယ်မြောက်လိုက်တာ
ငါ့ပေါင်မုန့်တွေ ပျောက်ပြီးရင်း ပျောက်ပျောက်နေတော့ရဲ့။ ။

မောင်ချောနွယ်

မင်းမုန်းတဲ့နေ့ဟာ ငါအမှန်တရားကို တွေ့တဲ့နေ့ဖြစ်တယ်

မင်းရက်စက်မှုဟာ ကမ္ဘာမှာမရှိခဲ့ပါဘူး
ငါဟာ နာကျင်ကျိုးကျေပြီး
အိပ်ယာပေါ်မှာ အလူးလူးအလိမ့်လိမ့်
ဘာမှလည်း မတွေးခေါ်နိုင်
ဘာမှလည်း မခံစားပေးနိုင်
ပွဲတော်တွေနဲ့ ကင်းဝေးလို့
ပြာကျမသွားရုံအသက်ငွေ့ငွေ့ကလေးနဲ့
မင်းပက်စက်လိုက်တာကွယ်လို့တောင်မှ
ငါ့မှာ အသံမထွက်နိုင်ခဲ့ပါဘူး။

နေဝင်နေထွက်ချိန်တွေလဲ
ငါ့မှာမသိတော့ပါ...
ငါ့အနုပညာအရင်းအမြစ်ကလေးလည်း
ဘယ်ဆီဘယ်ဝယ်မှာလဲ
ငါမသိတော့ပါ...
ငါ့အဘိဓမ္မာတွေလည်း
ငါ့မှာမဆုပ်မိ မကိုင်မိတော့ပါ။

ငါဟာ
'ဝိမုတ္တိ'ကိုသာ ငေးမျှော်ရင်း
ခပ်မျှင်းမျှင်းအသက်ရှုခဲ့ရတယ်
တနင်္ဂနွေတရက်ထင်ပါရဲ့
စကြာဝဠာကြီးရယ်
ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ငါ့ဆီရောက်လာတယ်
အင်မတန် ပူနွေးလှတဲ့ သူ့လက်ကြီးနဲ့
လက်ဆွဲနှုတ်ဆက်တယ်
ပန်းသီး ချယ်ရီပန်းနဲ့ ရွှေရောင်ကလောင်တန်တစ်ချောင်း
လက်ဆောင်ပေးတယ်။

ပြီးတော့...
"မိတ်ဆွေကြီး ခရီးသစ်ထွက်တော့"တဲ့
အဲဒီလို ပြောအပြီးမှာ
စွတ်ဖါးလှည်းကလေးစီးကာ ထွက်သွားတော့တယ်။

ငါဟာ
ပန်းသီး ချယ်ရီပန်း
ရွှေရောင်ကလောင်တန်နဲ့
ငါ့အမှန်တရားဝတ်စုံကို ဝတ်ဆင်ကာ။ ။

မောင်ချောနွယ်

Apr 3, 2009

ကြိုးတွဲလောင်းနဲ့လူ

ငါ့ဆံပင်ရဲ့ အမြစ်တွေကနေ
နတ်ဘုရားတစ်ပါးပါးဟာ
ငါ့ကို ဆွဲမလိုက်တယ်။
သူ့ရဲ့ အပြာရောင်လျှပ်စစ်ဗို့အားထဲမှာ
ငါဟာ သဲကန္တာရထဲက ပုရောဟိတ်ဆရာလို
တရှဲရှဲကျက်သွားတယ်။

အမြင်အာရုံထဲကနေ ညတွေဟာ
ပုတ်သင်ညိုမျက်ခွံလို ပိတ်သွားကြတယ်၊
အရိပ်မဲ့ မျက်လုံးအိမ်ထဲမှာ
ပြောင်သလင်းခါ ဖြူဖွေးနေ့တွေကမ္ဘာ။

ဠင်းတဆန်ဆန် ပျင်းရိငြီးငွေ့မှုက
ဟောဒီအပင်မှာ
ငါ့ကို ချိတ်တွယ်ထားခဲ့တယ်။
အကယ်၍
သူသာ ငါ့နေရာမှာဆိုရင်
သူလည်း ငါ့လိုလုပ်မှာပါပဲ။

၂၇၊ ဇွန်၊ ၁၉၆၀
Sylvia Plath (1932-1963) ရေး The Hanging Man ကို ဇေယျာလင်းမြန်မာပြန်သည်။

လှိုင်သာယာ

ဘာထူးလဲ
လမ်းပေါ်ထွက်လိုက်တာနဲ့
ငါလည်း လက်လုပ်လက်စားပဲ
(အညှီနံက နောက်ကားပါလာတာကို သိတယ်)
ကျော်မတက်စေနဲ့တဲ့
စပယ်ယာအသံမှာ ဆူးတွေအပြည့်နဲ့
ခေတ်တစ်ခေတ်
လူရှစ်ဆယ်ကို
သစ်သားဘတ်(စ်)ကားကြီးထဲ ထည့်ပြီး ခလောက်တော့
၁၉၄၀ခုနှစ်တွေဆီ ပြန်ရောက်သွားကြတယ်
နေတတ်ရင် ဘဝဟာ ပျော်ရွှင်ဖွယ်ရာပါ
ပန်းခင်းကြီးမဖြစ်လည်း ခြုံပုတ်ကလေးပေါ့
ဒါပေမယ့် သတ္တိရှိတဲ့ခြုံပုတ်ကလေး...။ ။

မောင်ဖီလာ
ကျီးကန်းနဲ့ ဘိုဟီးမီယန်းများ ကဗျာစာအုပ်။

ကျီးကန်း

သူ့အသံက ဖမ်းဆုတ်ရခက်တဲ့ ပြဒါး
သမံတလင်းပေါ် လွတ်ကျသွားတဲ့ သေနတ်တစ်လက်
သူ ထပျံသွားတော့
ဝုန်းဒိုင်းကျဲပြီး ကျန်ခဲ့တဲ့သစ်ကိုင်း
သူ့အသားအရည်က
ပါးနပ်ဖျတ်လတ်ခြင်း
သူ့လက်မောင်းမှာ ထိုးထားတဲ့ဆေးမင်ကြောင်က
အမျိုးကိုထိရင် မချိအောင်နာတတ်သူ
သူ့အသည်းနှလုံးက
လူသွားလူလာများတဲ့ ပလက်ဖောင်း
သူပျံဝဲနေတဲ့ အနုပညာက
နေဆီ လွှင့်ပစ်လိုက်သော
အနက်ရောင် အဝတ်စတစ်စ။ ။

မောင်ဖီလာ
ကျီးကန်းနဲ့ ဘိုဟီးမီးယန်းများ ကဗျာစာအုပ်။

Apr 2, 2009

နေရောင်အောက်က ကဗျာများ

အကာလည မှောင်လှချည့်
စာဖတ်မရ
အေးလှချည့်

------

အိမ်ထဲ
စာဖတ်လျက် တစ်ကိုယ်တည်း
အဖန်ရည်တစ်အိုးနဲ့ပဲ။

------

တောကို ငါသွားခဲ့
ကမ္မဌာန်းထိုင်ဖို့ကွဲ့
ဒါပေတဲ့ အေးလွန်းရဲ့။

------

ခွေးအူတဲ့အထဲ
ကျုပ်ပရိတ်သံ
ကွယ်သွားတာပါပဲ

------

ချုပ်ညရီပြီ
နေဝင်ပေတော့မည်
ကျုပ်ရဲ့ မျှော်လင့်ချက်ရောင်ခြည်

------

ကော်ဖီပူပူ
ဆေးလိပ်တစ်လိပ်
ဘာကြောင့် ကမ္မဌာန်းထိုင်မတုန်း

------

မုန်တိုင်း
ဒေါ့စတိုယက်ဗစကီးလိုပဲ
အလိုများရင် ဖြစ်လာတာပဲ

------

နေ့ရက်တွေ ရွေ့သွား
ရပ်မနေပါကလား
ကျုပ်မသိသား ဆိုးရွား

------

သော်တလ
မျက်စိကန်းတဲ့
ရှောက်သီးပ

------

အား... ပုရစ်များ
လကို
အော်နေတာလား

------

စားပွဲခုံ
စာတွေနဲ့ ရှုပ်ထွေးသလေ
ကျုပ်စိတ် တည်ငြိမ်နေ

------

နိုးတော့ကွယ်
ညနေခင်း ထင်းရှုးပင်များ
လေနဲ့ကစား

------

အား... ငှက်တွေပ
နေ့နုပျိုစ
ကျုပ်အမေနဲ့ အဖေ သတိရ

------

နှင်းဆီနီတို့ တိမ်ဖြူတို့
ကောင်းကင်ပြာနေတယ် ဟရို့
ကျုပ်မွေးနေ့မို့

------

ကိုတာ (မြန်မာပြန်)
နေရောင်အောက်က ကဗျာများ ကဗျာစာအုပ်။

Apr 1, 2009

ဂျပန်ကဗျာဆရာတစ်ရာရဲ့ ကဗျာတစ်ရာ

မိုးကမစဲ
အလှပန်းလည်း ကြွေစမြဲ
ငယ်က အလှ ကျွန်မကိုယ်လည်း
စောင့်ရင်း မျှော်ရင်း အိုခဲ့တယ်။

စာ ၉။
------

ခွဲရမယ်လို့ဆိုသေး ကြာကြာမလွမ်းရပါဘူးတဲ့
ဟို(ကမ်းစောင်းက မိုးမခ)ပင်လို
ငါ့ကို တ သ နေမယ်ဆိုရင်
ငါ အပြေးပြန်ခဲ့မယ်။

စာ ၁၆။
------

တောင်ရိုးပေါ်က တို့ကျေးရွာ
ဆောင်းအခါ ချောက်ချိချောက်ချက်၊
ဧည့်လည်းမရောက် မြက်မပေါက်
ငြီးငွေ့ပါရဲ့ ကတောက်ကတက်။

စာ ၂၈။
------

သူ့သစ္စာ သူဖျက်လို့
ကျမကို မေ့မယ်ဆိုလည်း မေ့ပါစေ၊
သူ့သစ္စာ သူ့ကိုစူးမှာ
စိုးပါရဲ့လေး။

စာ ၃၈။
------

မယုံလို့မထင်နဲ့
လူ့မနော ပြောမရလို့
မင်းမမုန်းခင်
ငါ သေချင်။

စာ ၅၄။
------

လွမ်းသလို ဆွေးသလို စိတ်နွမ်းလို့
လမ်းလျှောက်ထွက်ခဲ့ပါ့။
ဆောင်းဦးဆည်းဆာဖြစ်လေတော့
ဟိုမည်းမည်း ဒီမည်းမည်းနဲ့ ပိုလို့သာ စိတ်ဆင်းရဲ။

စာ ၇၀။
------

သေစမ်းပါစေ ငါမမှု၊
ရှင်နေလည်း ချစ်ဒုက္ခ မြင့်သထက်မြင့်
အသက်ရှုဆဲ
နှလုံးသေပြီးပြီပဲ။

စာ ၈၉။
------

သဗ္ဗေသတ္တာ ဝေနေယျာအတွက်
သိပ် သိပ် ကျေနပ်တယ်၊
ဆင်းရဲလှတဲ့ ငါ၊ ဘုန်းကြီးဆိုပေမယ့်
တောင်ရိုးတစ်နေရာက မေတ္တာပို့ခွင့်ရတယ်။

စာ ၉၅။
------

ဒေါက်တာ သန်းထွန်း (မြန်မာပြန်)

ပုံပြောသူ ၁၃

ပျဉ်းမပွင့်ပြီ သခွပ်ပွင့်ပြီ
ကသစ်ပွင့်ပြီ ပိတောက်ပွင့်ပြီ
သင်္ကြန်လာပြီ ဒိုးသံလာပြီ
မိုးရွာတော့မယ် သူငယ်ချင်းတို့။ ။

အောင်ချိမ့်
ပုံပြောသူ ကဗျာစာအုပ်၊ စာ ၃၁။

Mar 30, 2009

မှတ်စု

ကမ္ဘာကြီး
လည်တယ်။

သမိုင်း
တစ်ပတ်ပြန်လည်တယ်။

သံသရာကလည်း လည်တယ်။

အသစ်တွေ ဘယ်လောက်ကောင်းကောင်း
အဟောင်းပဲ တလည်လည်။ ။

သီဟသူ

လှေ

လှိုင်းကြီးလှေအောက်တဲ့
တက်နဲ့ရွက်ပါရင်
သမုဒ္ဒရာကိုပါဖြတ်မယ်
ငါ...
စက္ကူနဲ့လုပ်ထားတာကိုတောင်မှ
မေ့ နေ ခဲ့ တယ် . . .။ ။

သီဟသူ
(ဟုတ်ပါတယ်၊ ကျွန်တော်ရေးထားတာကိုလည်း ရောပြီးတင်လိုက်ပါတယ်။)

Mar 29, 2009

သမိုင်း

ကြည်။
ပဲပြုတ်နဲ့ နံပြား
စားချင်သည်။

ရှေးအတေတီက မှတ်တမ်း
သူရဲကောင်း အောင်ဆန်း
သမိုင်းနဲ့လွမ်း။ ။

မောင်ပေါက်စည်(မန်းတက္ကသိုလ်)
အညာကျေးက ကဗျာတေး ကဗျာစာအုပ်၊ စာ ၅

လွမ်းစေတီ

တို့ထိခွင့်လည်း မရှိတော့
ဆုပ်ကိုင်ခွင်းလည်း မရှိတော့
မင်းရင်ခုန်သံကို လုံအောင် ဖုံးပေးပိုင်ခွင့်လည်း မရှိတော့
မင်းလည်း မေ့လျော့လိုက်ရုံ
ငါလည်း မေ့လျော့လိုက်ရုံ
ပုံပြင်ကို ပုံပြင်အတိုင်းထားလိုက်ရုံ
ဒါလောက်ပဲ တို့တတ်နိုင်ခဲ့။

သူ့ကို မင်းမချစ်ဘဲနဲ့ မင်းကို သူဘာလို့ သိမ်းပိုက်ခဲ့တာလဲ
မင်းနဲ့ငါ ချစ်လျက်နဲ့ ငါတို့ ဘာလို့ ဝေးကွာခဲ့တာလဲ
ရာဇဝင်ခေတ်
ပဒေသရာဇ်တို့ ရာဂမီး
အတားအဆီးမဲ့ ကာမပိုင်ဝတ္ထုမှာ
ချစ်သူတို့ ဇာတ်နာခဲ့ရဖူးပြီ။

အဖြစ်အပျက်တွေ ဖြစ်ပျက်ပြီးခဲ့နောက်
အငွေ့အသက်တွေ ကျန်ရစ်ကြရမယ်
ရှုမဆုံးတဲ့ အလွမ်းတွေ ငါမွေးရင်း
တောင်ကုန်းတေားပေါ် တက်ခဲ့တယ်။
ညောင်ပင်က
ဓမ္မတေးကို ဆိုနေရဲ့
ရိုးပြတ်တောက
နေပူထဲမှာ ငိုနေရဲ့
ငါ့ နှလုံးသားက
လူ့သမိုင်းထဲ လဲကျနေခဲ့တယ်
လွမ်းစေတီက
မင်းနဲ့ငါအကြောင်း
နှောင်းလူတွေကို ပြောပြမယ်
တို့နှစ်ယောက်
လျှောက်ခဲ့ရတဲ့ ငရဲကို။ ။

မိုဃ်းဇော်
မိုဃ်းဇော်သေတမ်းစာ ကဗျာစာအုပ်၊ စာ ၇၄

လူလေလူလွင့်များရဲ့နေ့

ပြက္ခဒိန်တစ်ချပ်လို
စုတ်ပြတ်လွယ်တဲ့ နေ့စွဲမှာ
ဒိုင်ယာရီ မရေးတာ ကောင်းပါတယ်။

တကယ်ဆို
နတ်မကြိုက်တဲ့ ပါးစပ်နဲ့ အချစ်ကို ဓာတ်စာပေးကြည့်ဖူး
ပိုက်ဆံမရှိတဲ့လက်နဲ့ မြို့ကြီးကို ကျောသပ်ရင်သပ်လုပ်ကြည့်ဖူး
အရုပ်သေနတ်နဲ့
မိမိကိုယ်ကို ဇာတ်သိမ်းကြည့်ဖူး
အမိုက်မဲဆုံးညတွေကို
ငါးခုံးမ တစ်ကောင်လိုလည်း ကင်ဖူးတယ်။
ငါ့ရဲ့ အကုသိုလ်အအေးခန်းထဲက
ငယ်နာမည် "မာရီလင်"ရေ
ငါ့ကို စက္ကန့်လက်တံလို သဘောထားပါ
နားကြားလွဲတတ်တဲ့ငါဟာ
ပြာပုံထဲ အပျင်းကြောဆန့်ချင်တဲ့ ကောင်ပါ။

အရေပြားဆိုတာ အပ်တစ်ထောက်
ချွေးပေါက်တွေ အဝမကျယ်ခင်
ရင်ခုန်သံစစ်စစ်နဲ့
ဘဝကို ခေါစာပစ်ချေအံ။ ။

မိုဃ်းဇော်
မိုဃ်းဇော်သေတမ်းစာ ကဗျာစာအုပ်၊ စာ ၇၀
ဆည်းဆာဖြူ
မီးခိုးတွေဖြူ
လူတွေလား၊ ဂူတွေလား၊
လှိုင်းတစ်ထောင်၊ ဗျိုင်းတောင်ခတ်၊
ကမ်းစပ်ကိုသွား။

ဇော်ဇော်အောင်

ချစ်သူ

ကိလေသာ အအေးဓာတ်တို့
အရိုးထဲ ပတ်ဖွဲ့လာတဲ့အခါ
စောင်တစ်ထည်တည်း တို့နှစ်ယောက်ခြုံကြတယ်။

အချစ်ရယ်
ဒါဟာ ဘုရားမကြိုက်တဲ့ ကိစ္စပါလို့ မင်းကမပြော
ဒါဟာ ရှောင်လွှဲမရနိုင်တဲ့ သဘာဝတရားကြီးပါလို့ ငါကမဆို
ရင်ခုန်ကြရုံသက်သက်ပဲ
ပြီးတော့
တစ်ယောက်ကိုတစ်ယောက်
ကမ္ဘာထဲက ကန်ထုတ်ကြပြန်ရော။ ။

မိုဃ်းဇော်
မိုဃ်းဇော်သေတမ်းစာ ကဗျာစာအုပ်၊ စာ ၄၉

Mar 28, 2009

အလွမ်း

အသက်ရှိတော့
စဉ်းစားတယ်
မငြိမ်းချမ်းဘူး
ပြတင်းပေါက်က ဝင်လာတဲ့
လရောင်ကလည်း ငါ့ကိုမငြိမ်းသက်နိုင်
တစ်သက်စာ ဒဏ်ရာကြီးနဲ့
ခန်းစီးကလေးကိုတိုးနေတဲ့
လေညင်းကလေးကလည်း
သွေးရဲရဲ သံရဲရဲ
ညမွှေးပန်းကလေးရဲ့
ကိုယ်သင်းနံကလေးကလည်း
အမှောင်ထဲမှာ အပိုင်းပိုင်းပြတ်ကျလို့
ငါ့ဆီအရောက်မလာနိုင်
ရည်းစားအသစ်ချပ်ချွတ်ကလေးရထားတာတောင်
ကျေကျေနပ်နပ် မအိပ်စက်နိုင်
ကောင်းကင်ကိုမော့ကြည့်ပြီး
မစိမ်းလန်းနိုင်
အမှောင်ထဲကို တမျှော်တခေါ်
တဆုံးနှိုက်ကြည့်လိုက်တော့
မနက်လင်းရင်
လက်နက်တွေချပြီး
အမေ့အိမ်ပြန်ပါတော့မယ်ဆိုတဲ့
ရွှဲရွှဲစို အသံကလေးသာ
အငွေ့တလူလူ...။ ။

မောင်ဖီလာ
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၊ ၉၆

တစ်စစီပြိုကွဲ

ရှင်သန်နေမှုက
နှစ်ဘက်ချွန် ခဲတံတစ်ချောင်းလို
ကုန်လွယ် ဆုံးလွယ်။

ဖမ်းယူဆုပ်ကိုင်ထားလို့ မရတဲ့
နေရောင်ခြည် နွေးနွေးလို
ဘဝက
အကြိမ်ကြိမ် လျှောကျ ပျက်စီး။

တစ်ပင်တည်း တစ်ကိုင်းစီ လွဲခဲ့ရသော
နေရာအနှံ ပေါက်ရောက်ရှင်သန်မှုများနဲ့
နားထဲ ချိုမြိန်နေဆဲ
ရွာကျောင်းက ခေါင်းလောင်းသံ။

ကိုယ့်ပင်လယ်နဲ့ကိုယ်
ကိုယ့်မီနဲ့ကိုယ်
မရပ်မနား လောင်ကျွမ်းနေမှုများနဲ့
"ငယ်ဘဝ"ဆိုတာ
လောင်းကြေးထပ်ပြီး
ဘယ်တော့မှ အလျော်ပြန်မရတဲ့
ကစားနည်း တစ်ခု။

ညီမင်းညို
အမှတ် ၉၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၀၆

ငှက် ၁၀၀၀၀ အိမ်

မွန်းကြပ်တဲ့အခါ
'ဟေမိုဂလိုဗင်'တွေရဖို့
သစ်တောထဲ လျှောက်ခဲ့တယ်။
သစ်ပင်တွေအစား
မတုန်မလှုပ်တောင်ကြီးတွေ
ရွှေ့လျားသက်ရှုကျောက်တုံးတွေ
မပျို့မအန်မိုးသားတွေ
တွေ့ခဲ့လိုကရ။
ရုန်းထွက်ဖို့ ခြေစုံကိုချ
ငါ့ အမြစ်တွေက
ပက်ကြားအက်မြေလွှာခွဲလို့
ထိုးဆင်းသွားကြ။

ချိုတူးဇော်
အမှတ် ၂၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၀၆

သူတို့ အေးအေးဆေးဆေးသီချင်းဆိုလို့

ဂွာရာနီကာ ပီကာဆိုငှက်များ
ပျံသန်းလေပေါ့ ကမ္ဘာမြေအနှံ့အပြား
စပိန်ဂီတနဲ့ မွှေးမြနေတဲ့ညတွေကို ကိုက်ချီသွား
အက်ရှင်မြို့ပြ ဝပြောစည်ကား
ကျေးလက်အစိမ်း ငြိမ်းအေးကြစေသား။

မောင်စိမ်သစ်
ဒီဇင်ဘာ၊ Beauty Max မဂ္ဂဇင်း၊ ၀၇
အင်္ကျီတံဆိပ်များ ကဗျာစာအုပ်၊ ဇန်နဝါရီ၊၂၀၀၉

အဆစ်

မိုးကောင်းကင်ကြီးကို ဝယ်တဲ့အခါ
ကြယ်တွေအဆစ်ရလာခဲ့သလိုမျိုးပ
ဘဝတစ်ခုကို
ဘုမသိ ဘမသိ
အလကားမတ်တင်းနဲ့ ဝယ်လိုက်မိပြီမှ
သံသရာဆိုတာကြီကို အဆစ်ရ။

မောင်စိမ်းသစ်။ ၂၁၊၁၊၂၀၀၈။
အင်္ကျီတံဆိပ်များ ကဗျာစာအုပ်၊ ဇန်နဝါရီ၊ ၂၀၀၉

ပုရစ်ဖူးနုသစ်

သစ်ရွက်အဝါအို နီ ရွှေ အချို့
သင်္ခါရတံချူ ခြွေခူးမလို့
အို... သစ်ကိုင်းမျက်ရည်စို့။ ။

ကိုငြိမ်း(မန္တလေး)
ဒီဇင်ဘာ၊ မဟေသီ မဂ္ဂဇင်း၊ ၀၈

ကမ်းခြေ

လူတွေ ပျားပန်းခတ်အသက်ဝင်နေပေမယ့်
သူ့ကိုယ်ပိုင် အသက်ရှင်ချိန်က ရှားတယ်...
တိမ်မျှင်တစ်ခုလို ခပ်ပါးပါးခပ်နွဲ့နွဲ့။

မနက်မှာ... အာရုဏ်အလင်း
ညအခါ... လေပြေညှင်း
သဘာဝရဲ့ ပြတင်းတံခါးတွေကတဆင့်
အပေါင်းအသင်းဆံဆံ ဆင်ဆံရေးရှိသော်လည်း
(တကယ့်တကယ်ကျ...)
ကျွန်တော့်လိုပဲ...
နာကျင်အချိန်ပိုတွေကများတယ်။

ကေအေတီ
နိုဝင်ဘာ၊ Beauty မဂ္ဂဇင်း၊ ၀၈

သဘာဝသင်းကွဲ

စာ ခို ကျီးကန်း ပျံကျသမား
ရေအိုင် ဘဲဖြူလှေထိုးသား
တီကောင် လယ်ထွန်စား။ ။

မောင်လူမှိန်
အမှတ် ၈၊ စာပေဂျာနယ်၊ ၁၉၈၉
အောက်တိုဘာ၊ မဟေသီမဂ္ဂဇင်း၊ ၀၈

ဂြိုဟ်သား

တားမြစ်ထားတဲ့ သစ်သီးကို စားမိတယ်
တားမြစ်ထားတဲ့ ရုပ်ရှင်ကို ကြည့်မိတယ်
တားမြစ်ထားတဲ့ အိပ်ရာမှာ အိပ်မိတယ်
တားမြစ်ထားတဲ့ အိပ်မက်တွေ တစ်ညလုံးမက်ခဲ့
နိုးလာတဲ့အခါ
ကိုယ်ဟာတခြားကမ္ဘာဂြိုဟ်သားတစ်ယောက်ဖြစ်ခဲ့ပေါ့။

နေမျိုး
လူဖြစ်ရတာကောင်းတယ် ကဗျာစာအုပ်

ငါနဲ့လမ်း

ခြေတစ်လှမ်းချလိုက်တိုင်း ပို၍ဆန့်ကား
ရှည်ထွက်သွားတဲ့လမ်း
အဲဒီလမ်းမဟာ
တစ်ဦးတစ်ယောက်တည်းအတွက် ရှိနေခဲ့ပြီး
အဲဒီတစ်ဦးတစ်ယောက် ငါဖြစ်ခဲ့တယ်
ငါ့အလုပ်က
ရုပ်တန့်နေဖို့ မဟုတ်ဘူးတဲ့
ငါလျှောက်နေရပေါ့
အဲဒီလမ်းမပေါ်မှာ
တစ်ယောက်တည်း။

နေမျိုး
လူဖြစ်ရတာကောင်းတယ် ကဗျာစာအုပ်

ပြတင်းပေါက်

စစ်လွန်းလို့ ကိုယ့်ကိုကိုယ် ရေရောလိုက်ရ
စောစောသောက်မှ နောက်ကျခဲ့
ဘယ်သူတွေ ကဲ့ရဲ့ကဲ့ရဲ့
တည့်မတ်နေတဲ့ မျဉ်းမတ်များ
အလျားလိုက်ကူးတဲ့ လက်တံ
ငါ့ညနေတွေ ဘယ်သူပြန်အမ်းမလဲ
လမ်းခွဲရဲ့ ဆုံမှတ်မှာ
ဘာမှ မပြည့်စုံခြင်းက ပြည့်စုံပါတယ်ဆိုရင်
ကျွန်တော်တို့အားလုံး
ဆိုင်မှားဝင်ခဲ့ကြတာ မဟုတ်ပါဘူး
ဆိုင်ဝင်မှားခဲ့ကြတာပါ။ ။

ဌေးကြည်(စလင်း)
ဇူလိုင်၊ Beauty မဂ္ဂဇင်း၊ ၀၈

သာမန်ယောက်ျား

အဖေစာစီ
အမေဓာတ်ဆီရောင်း
စုပေါင်းမောင်နှမ ၉ယောက် ၁ယောက်ပိုလီယို
မိသားစုဆိုတာ
မီဖိုကွိုင်လို ပြတ်လိုက်ဆက်လိုက
ပူနွေးပေါ့
အာဟာရမပြည့်လို့
မိုးရိပ်ညိုတိုင်း ခဏခဏဖျားတဲ့
နေ့တွေ
နောက်ဖေးခိုမြီးအိမ်လေးက
ရေစိုအိပ်ရာပေါ်အိပ်ရတဲ့
ညတွေ
ခြေထောက်ရွှံပေ မီးမလာရေလျှံကွက်သစ်မှာကြီးတယ်
အလုပ်လိုက်ရှာလွန်းလို့
အရူးထောင်မှာ အခြေအနေကောင်းတယ်ပြောကြ
ရေမြုပ်ခံလယ်ကွက်ထဲက စပါးနှံပါ
လည်ပင်းထောင်ထားဖို့အရေးကြီးရဲ့
သာမန်ဆိုတဲ့ ဘိလိယက်ဘောလုံးလေးတလွဲ
အရာအားလုံးကျင်းနဲ့လွဲခဲ့သူ
မပူလောင်ဘူ
ငါမမြားနိုင်တဲ့ငါးအခြားလက်မိသွားမှာ
ပျာယာမခတ်ဘူး
အချိန်တန်တော့
ကြယ်တစ်လုံးတလေ ငါကောက်ရပြန်တယ်
သာမန်ယောက်ျားတစ်ယောက်ရဲ့ဓာတ်တိုင်မှာ
ဘဝကငယ်တယ်
ဓမ္မကကြီးတယ်
ဒီလိုမီးသီးလေးလင်းရုံနဲ့
ပြီးပြီ။ ။

ခိုင်မြဲကျော်စွာ
ဇူလိုင်၊ Beauty မဂ္ဂဇင်း၊ ၀၈

ပုံပြောသူ ၁၀

ကျွန်တော်တို့ မမျှော်မှန်းနိုင်တဲ့အဝေး
အဝေးကြီး
ကျွန်တော်လွင့်စဉ်သွားနိုင်ပါတယ်။

ကမ္ဘာ့အပြင်
စကြာဝဠာအပြင်အထိ
ကျွန်တော်လွင့်စဉ်သွားနိုင်ပါတယ်။

အရာရာ
မှောင်မှောင်မည်းမည်း။

အမေက
ကျွန်တော်တို့ကို လူ့ဘဝအလင်းဆီ
ဆွဲတင်ခဲ့ပါတယ်။

အောင်ချိမ့်
ပုံပြောသူ ကဗျာစာအုပ်၊ စာ ၂၅

ပုံပြောသူ ၃

ငါပြန်မတက်နိုင်တဲ့ တွင်းထဲကျရောက်ခဲ့
ငါဘာသွားကောက်တာပါလိမ့်။

အောင်ချိမ့်
ပုံပြောသူ ကဗျာစာအုပ်၊ စာ ၁၁

မရှိမဖြစ်လိုအပ်သောအရာဝတ္ထုများ (အဘိုးကြီးတစ်ယောက်အတွက်)

၁။ တုတ်ကောက်တစ်ချောင်း (အမြဲတမ်းအတွက်)
၂။ သွားတုတစ်ခု
၃။ စိပ်ပုတီး (တစ်ခါတစ်ရံအတွက်)
၎။ ကြောင်ပိန်ပိန်ကလေး (သူစားမကုန်တာ ကျွေးဖို့)
၅။ တိတ်ဆိတ်မှုနဲ့ အနွေးဓာတ်
၆။ မြင်းရိုင်းတစ်ကောင် (စိတ်ကူးထဲမှာ စီးကြည့်ဖို့)

နေမျိုး၊ ၁၅၊၅၊၀၅
ကဗျာဆရာဝံပုလွေ ကဗျာစာအုပ်၊ စာ ၅၂

လူဖြစ်ရတာကောင်းတယ်

လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာဟာ ဒုက္ခဘုံထဲရောက်လာတာပဲတဲ့
အဲဒီဒုက္ခဘုံကြီးအကြောင်း ငါတို့
ရေရေလည်လည် သိနိုင်တယ်
ဒါကြောင့် လူဖြစ်ရတာကောင်းတယ်
ငါဒုက္ခရောက်တုန်းက မင်းတို့မှတ်မိကြသေးလား
အေး - ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
ငါအစက ဒီလောက်မသိဘူး
လူဖြစ်ရတာကောင်းတယ်
ငါတို့အတွက် ခေါင်းကိုက်ပျောက်ဆေးပြားတွေ
လိုသလောက် ထုတ်လုပ်ထားတယ်
ဒါကြောင့် ငါပြောတာပေါ့
လူဖြစ်ရတာကောင်းတယ်
တစ်ခါတစ်လေ ဘဝင်နည်းနည်းမြင့်၊ တစ်ခါတစ်လေ အရှက်ရ
တစ်ခါတစ်လေ ဆွေး၊ တစ်ခါတစ်လေ သတိရ၊ တစ်ခါတစ်လေ ပျော်ရွှင်
တစ်ခါတစ်လေ စိတ်တို
လူဖြစ်ရတာကောင်းတယ်
တချို့အဘိဓမ္မာတွေ ငါမကြိုက်ဘူး၊ တချို့မိတ်ဆွေတွေ ငါမကြိုက်ဘူး
တချို့အစားအစာတွေ ငါမကြိုက်ဘူး
ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
သူမဟာ လူသားမိန်းမတစ်ယောက်
ဒါကြောင့် ငါရဲရဲကြီးပြောပါတယ်
လူဖြစ်ရတာကောင်းတယ်
ဆေးရုံတက်မလား၊ ရုပ်ရှင်ရိုက်မလား
ဘီယာဆိုင်သွားမလား၊ အပြေးလေ့ကျင့်မလား
အိမ်ထောင်ပြုမလား၊ နေမျိုးကြီးကဗျာတွေဖတ်မလား
လူဖြစ်ရတာကောင်းတယ်
ယဉ်ကျေးပါ၊ သင်ယူပါ၊ ရိုးဖြောင့်ပါ
လူဖြစ်ရတာကောင်းတယ်
လောကကြီးကို အရှုံးပေးခဲ့ပါပြီဆိုပဲ
လူတစ်ယောက်ရဲ့နောက်ဆုံးဝါကျကို ငါဖတ်ခဲ့ရတယ်
ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်လို့
ငါပိုသိလာတဲ့အချိန်မှာ ငါဟာ ဝံပုလွေတစ်ကောင်ဖြစ်နေခဲ့ပြီကွဲ့။

နေမျိုး၊ ၄၊၂၊၀၅။
ကဗျာဆရာဝံပုလွေ ကဗျာစာအုပ်၊ စာ ၅၀)